ဗြိတိန်ဝန်ကြီးချုပ်မေ၏ အဆိုပြုချက်သစ်များပါသော Brexit အစီအစဉ်ကို ဥရောပသမဂ္ဂပယ်ချ

ဗြိတိန်ဝန်ကြီးချုပ်မေ၏ အဆိုပြုချက်သစ်များပါသော Brexit အစီအစဉ်ကို ဥရောပသမဂ္ဂပယ်ချ
Published 22 September 2018

စက်တင်ဘာ ၂၀ ရက်တွင် ဆယ်ဘာ့ဂ်၌ ဥရောပသမဂ္ဂ၏ အလွတ်သဘောထိပ်သီးမစတင်မီ ဂျာမနီဝန်ကြီးချုပ် မာကယ် (ဝဲ) နှင့် ဗြိတိန်ဝန်ကြီးချုပ် မေ (ယာ) တို့ကို တွေ့ရစဉ် (Photo - AFP)

အိုင်ယာလန်နယ်စပ်အတွက် အဆိုပြုချက်သစ်များဖြင့် ဗြိတိန်ဝန်ကြီးချုပ်ထရီဆာမေက ထုတ်ပြန်ခဲ့သော Brexit အစီအစဉ်သည် လက်သင့်ခံစရာမကောင်းကြောင်း ဥရောပသမဂ္ဂခေါင်းဆောင်များက စက်တင်ဘာ ၂၀ ရက်တွင် ပယ်ချခဲ့သည်။ နိုဝင်ဘာလလယ်တွင် ကျင်းပမည့်အထူးထိပ်သီး၌ သဘောတူညီချက်ရရှိရန် နောက်ဆုံးသတ်မှတ်ရက်ကို ကျော်လွန်၍ အချိန်ထပ်ပေးရန် ယခုသီတင်းပတ်တွင် ဥရောပသမဂ္ဂက ကမ်းလှမ်းခဲ့သော်လည်း နောက်ထပ်တိုးတက်မှုများ မရှိဘဲ သဘောတူညီချက်ရရှိလိမ့်မည် မဟုတ်ကြောင်း ဆယ်ဘာ့ဂ်တွင် ပြုလုပ်ခဲ့သောဆွေးနွေးပွဲအပြီး ဥရောပသမဂ္ဂခေါင်းဆောင်များက သတိပေးခဲ့ကြသည်။

Brexit အပြီး ဥရောပသမဂ္ဂနှင့် စီးပွားရေးဆိုင်ရာ ဆက်ဆံမှုများအတွက် မေ၏ အစီအစဉ်သည် အလုပ်ဖြစ်မည်မဟုတ်ကြောင်း နှင့် လက်သင့်ခံစရာမကောင်းကြောင်း ဥရောပကောင်စီဥက္ကဋ္ဌ ဒေါ်နယ်တက်နှင့် ပြင်သစ်သမ္မတ အီမန်နျူရယ်မက်ခရွန်တို့က ပယ်ချခဲ့ကြသည်။ Brexit အလွန်တွင် ဗြိတိန်က အစိတ်အပိုင်းတစ်ခုအဖြစ် ပါဝင်လိုနေသည့် ကုန်သွယ်ရေးအတွက် နိုင်ငံရေးဆိုင်ရာ ကြေညာချက်တစ်ခုအား ဥရောပသမဂ္ဂက မရရှိမီ လုပ်ဆောင်စရာ အများကြီးကျန်နေသေးကြောင်း ဂျာမနီဝန်ကြီးချုပ် အင်ဂျလာမာ ကယ်ကလည်း သတိပေးခဲ့သည်။

လာမည့်နှစ်မတ်တွင် ဗြိတိန်က ဥရောပသမဂ္ဂမှ မနုတ်ထွက်မီ နောက်ဆုံးအဆင့် ညှိနှိုင်းဆွေးနွေးမှုများအတွက် ချဉ်းကပ်မှုများကို ဆွေးနွေးရန် ၎င်းတို့သည် မေမပါဝင်ဘဲ ဆွေးနွေးခဲ့ကြသည်။ ဗြိတိန်သည် အဆိုပြုချက်သစ်များကို လာမည့်အောက်တိုဘာ၌ တင်ပြပေးနိုင်မည်ဟု ကျန်ရှိသောအဖွဲ့ဝင် ၂၇ နိုင်ငံမှ ခေါင်းဆောင်များက မျှော်လင့်နေကြောင်း မက်ခရွန်က ပြောကြားခဲ့သည်။

လန်ဒန်နှင့် ဘရပ်ဆဲတို့သည် အောက်တိုဘာတွင် ကျင်းပမည့် ဥရောပသမဂ္ဂထိပ်သီး မတိုင်မီ သဘောတူညီချက်တစ်ခုရရှိရန် လိုလားသည်ဟု ကနဦးတွင် ထုတ်ပြန်ခဲ့သော်လည်း ဆွေးနွေးမှုများသည် လပေါင်းများစွာ တန့်နေခဲ့ပြီးနောက် နိုဝင်ဘာတွင် ကျင်းပမည့် နောက်ထပ် ထိပ်သီး၌ သဘောတူညီချက်ရရှိ  နိုင်ရန်တက်က အကြံပြုထားသည်။ သို့သော် လာမည့်သီတင်းပတ်လေးပတ်အတွင်း တိုးတက်မှုများ ရရှိမှသာ အလုပ်ဖြစ်လိမ့်မည်ဖြစ်ကြောင်းတက်က သတိပေးခဲ့သည်။

Brexit ဆိုင်ရာဆွေးနွေးပွဲမှ ပွင့်လင်းသော အတိုချုပ်အကြောင်းအရာကို တက်ထံမှ လက်ခံရရှိခဲ့ပြီးနောက် မေက ၎င်း၏အစီအစဉ်သည် ဆွေးနွေးပွဲအတွက် တစ်ခုတည်း သောအဆိုပြုချက်ဖြစ်ကြောင်း သတင်းစာရှင်းလင်းပွဲ၌ အခိုင်အမာပြောကြားခဲ့သည်။ ဥရောပသမဂ္ဂ၏ ဘုံဈေးကွက်နှင့် အကောက်ခွန်သမဂ္ဂမှ နုတ်ထွက်ခဲ့သော်လည်း Brexit အပြီးတွင် ဗြိတိန်သည် ဥရောပသမဂ္ဂ၏ ကုန်သွယ်ရေးဆိုင်ရာ စည်းမျဉ်းများအား လိုက်နာသွားမည့် မေ၏အစီအစဉ်သည် ပြည်တွင်း၌ ဥရောပသမဂ္ဂအား သံသယရှိသူများ၏ တုံ့ပြန်မှုများကို ကြုံတွေ့ခဲ့ရသည်။

ယင်းသည် ဗြိတိန်အုပ်ချုပ်သော မြောက်အိုင်ယာလန်နှင့် အိုင်ယာလန်သမ္မတနိုင်ငံတို့အကြား ကုန်ပစ္စည်းများ လွတ်လပ်စွာ စီးဆင်းနိုင်ရန် တစ်ခုတည်းသောနည်းလမ်းဖြစ်ကြောင်း မေက ပြောကြားခဲ့သည်။ အိုင်ယာလန်နှင့်ပတ်သက်၍ ဥရောပသမဂ္ဂသည် ပြတ်သားပြီးရှင်းလင်း၊ တိကျသောအာမခံမှုများ လိုအပ်ကြောင်းတက်က အကြိမ်ကြိမ် ပြောကြားခဲ့သည်။ မြောက်အိုင်ယာလန်ကို ဥရောပသမဂ္ဂ၏ ကုန်သွယ်ရေးစည်းမျဉ်း၊ စည်းကမ်းအများအပြားအား ဆက်လက်ကျင့် သုံးခွင့်ပြုရန်လည်း ဘရပ်ဆဲက အဆိုပြုထားသည်။

Ref ; AFP

Most Read

Most Recent