ဂျပန်ဘီလျံနာ စီးပွားရေးလုပ်ငန်းရှင်က Space X ၏ ပထမဆုံး လကမ္ဘာခရီးသွား ဖြစ်လာမည်

ဂျပန်ဘီလျံနာ စီးပွားရေးလုပ်ငန်းရှင်က Space X ၏ ပထမဆုံး လကမ္ဘာခရီးသွား ဖြစ်လာမည်
Published 19 September 2018

စက်တင်ဘာ ၁၇ ရက်တွင် ကယ်လီဖိုးနီးယား၌ အာကာသခရီးစဉ်အကြောင်းအား ဂျပန်ဘီလျံနာ ယုဆာကူမီဇာဝါက ပြောကြားနေစဉ် (Photo - AFP)

ဂျပန်ဘီလျံနာနှင့် အွန်လိုင်းဖက်ရှင်သူဌေးဖြစ်သော ယုဆာကူမီဇာဝါသည် အစောဆုံး ၂၀၂၃ ခုနှစ်တွင် Space X ၏ ဧရာမဒုံးပျံတစ်စင်းဖြင့် လကမ္ဘာဝန်းကျင်သို့သွားမည့် ပထမဆုံးအမျိုးသားဖြစ်လာမည် ဖြစ်သည်။ အသက် ၄၂ နှစ်အရွယ် မီဇာဝါသည် ၎င်းနှင့်အတူ အနုပညာရှင် ခြောက်ဦးမှရှစ်ဦးအထိ ခေါ်ဆောင်သွားရန်လည်း စီစဉ်ထားသည်။

၁၉၇၂ ခုနှစ်က အမေရိကန်၏ နောက်ဆုံးအပိုလိုမစ်ရှင်နောက်ပိုင်း မီဇာဝါသည် ပထမဆုံး လကမ္ဘာခရီးသွားဖြစ်လာမည် ဖြစ်သည်။ မီဇာဝါသည် ဦးစားပေးမှုရရှိရေးအတွက် ပမာဏမသိရသော ငွေကြေးအချို့ကိုလည်း ပေးထားပြီးပြီဟု သိရသည်။ “ကလေးဘဝကတည်းက ကျွန်တော်ဟာလကို ချစ်ခင် မြတ်နိုးခဲ့ပါတယ်။ ဒါဟာ ကျွန်တော်တစ်ဘ၀ လုံးမက်ခဲ့တဲ့အိပ်မက် ဖြစ်ပါတယ်” ဟု မီဇာဝါက စက်တင်ဘာ ၁၇ ရက်နှောင်းပိုင်း၌ ပြောကြားခဲ့သည်။ မီဇာဝါသည် ကယ်လီဖိုးနီးယားရှိ ဟော်သွန်းဒုံးပျံစက်ရုံနှင့် Space X ဌာနချုပ်သို့ ရောက်ရှိနေစဉ် ထိုသို့ပြောကြားခဲ့ခြင်း ဖြစ်သည်။

မီဇာဝါသည် ပန်းချီ၊ ပန်းပု၊ ဓာတ်ပုံ၊ ဂီတ၊ ရုပ်ရှင်ဒါရိုက်တာ၊ ဖက်ရှင်ဒီဇိုင်နာ၊ ဗိသုကာပညာရှင် အစရှိသည့် နယ်ပယ်အသီးသီးမှ အနုပညာရှင်များကို ဖိတ်ကြားလိုသည်ဟု ပြောကြားခဲ့သည်။ “တကယ်လို့ ကျွန်တော်ဖိတ်ကြားမှုကို သင်တို့ရရှိခဲ့မယ်ဆိုရင် ကျေးဇူးပြုပြီး မငြင်းကြဘဲလက်ခံကြပါ” ဟု မီဇာဝါ က ပြောကြားခဲ့သည်။

ဂျပန်၏အကြီးဆုံး အွန်လိုင်းအဝတ်အထည်လက်လီလုပ်ငန်း ZoZo Town ၏ အမှုဆောင်ဥက္ကဋ္ဌဖြစ်သော မီဇာဝါသည် စုစုပေါင်းပိုင်ဆိုင်မှု ဒေါ်လာသုံးဘီလျံရှိပြီး ဂျပန်၏ ၁၈ ဦးမြောက် အချမ်းသာဆုံးပုဂ္ဂိုလ်ဖြစ်ကြောင်း Forbes မဂ္ဂဇင်းတွင် ဖော်ပြထားသည်။ မီဇာဝါ၏နောက်ထပ် ဝါသနာတစ်ခုမှာ တန်ဖိုးကြီးခေတ်ပေါ် အနုပညာလက်ရာများကို စုဆောင်းခြင်းဖြစ်သည်။ မီဇာဝါသည် ယမန်နှစ်က Jean – Michel Basquiat ၏လက်ရာကို ဒေါ်လာ ၁၁၀ ဒသမ ၅ သန်းဖြင့် ဝယ်ယူခဲ့သည်။

မီဇာဝါက ၎င်းသည် အနုပညာကို ချစ်မြတ်နိုးသဖြင့် လကမ္ဘာခရီးစဉ်သို့ လိုက်ပါရန် အနုပညာရှင်များကို ဖိတ်ကြားရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

“ကျွန်တော်နဲ့အတူ ဒီလကမ္ဘာခရီးစဉ်ကို လိုက်ပါဖို့ ကမ္ဘာတစ်ဝန်းက အနုပညာရှင် ခြောက်ယောက်ကနေ ရှစ်ယောက်အထိ ဖိတ်ကြားသွားဖို့ရှိပါတယ်” ဟု ၎င်းက ဆိုသည်။ လိုက်ပါမည့်အနုပညာရှင်များကို  လကမ္ဘာမှ ပြန်လာလျှင် တစ်စုံတစ်ခုဖန်တီးပေးရန် တောင်းဆိုမည်ဖြစ်ကြောင်း၊ ထိုသို့ဖန်တီးရရှိလာမည့် ပြောင်မြောက်သောလက်ရာများသည် ၎င်းတို့ကဲ့သို့ အိမ်မက်ရှိသူများကြားတွင် လှုံ့ဆော်မှုတစ်ခုဖြစ်လာမည်ဖြစ်ကြောင်း မီဇာဝါက ပြောကြားခဲ့သည်။

Space X စီအီးအို အီလန်မက်စ်က မီဇာဝါသည် အရဲရင့်ဆုံးနှင့်အကောင်းဆုံး စွန့်စားသူဖြစ်သည်ဟု ခေါ်ဆိုခဲ့သည်။ မီဇာဝါ၏ လကမ္ဘာခရီးစဉ်စရိတ်သည် မည်မျှကျသင့်မည်ကို မက်စ်က မထုတ်ဖော်ခဲ့သော်လည်း လိုက်ပါမည့် အနုပညာရှင်များမှာမူ အခမဲ့ လိုက်ပါခွင့်ရမည်ဟု ဆိုသည်။ “ဒါဟာ အန္တရာယ်များတယ်ဆိုတာ ရှင်းပါတယ်။ ပန်းခြံထဲမှာ လမ်းလျှောက်တာမဟုတ်ပါဘူး” ဟု မက်စ်က ဆိုသည်။

Ref ;  AFP

Most Read

Most Recent