နိုင်ငံခြားငွေလဲနှုန်း ၁၆ ရက်ဆက်တိုက် မြင့်တက်ခဲ့ပြီး ဇွန် ၂၇ ရက်တွင် တစ်ဒေါ်လာ ကျပ် ၁၄၀၀ နီးပါးအထိ ရောက်ရှိကာ မြန်မာကျပ်ငွေတန်ဖိုး ၁၅ ရက်အတွင်း လေးရာခိုင်နှုန်းခန့် ကျဆင်း

နိုင်ငံခြားငွေလဲနှုန်း ၁၆ ရက်ဆက်တိုက် မြင့်တက်ခဲ့ပြီး ဇွန် ၂၇ ရက်တွင် တစ်ဒေါ်လာ ကျပ် ၁၄၀၀ နီးပါးအထိ ရောက်ရှိကာ မြန်မာကျပ်ငွေတန်ဖိုး ၁၅ ရက်အတွင်း လေးရာခိုင်နှုန်းခန့် ကျဆင်း
Published 28 June 2018

ရန်ကုန်မြို့ အနော်ရထာလမ်းမပေါ်ရှိ Money Changer တစ်ခုအား ဇွန် ၂၇ ရက်က တွေ့ရစဉ် (ဓာတ်ပုံ-ကြည်နိုင်)

ကမ္ဘာ့ဈေးကွက်တွင် ဒေါ်လာဈေး အားကောင်းနေသောကြောင့် ပြည်တွင်းဈေးကွက်တွင် နိုင်ငံခြားငွေလဲနှုန်း ၁၆ ရက် ဆက်တိုက်မြင့်တက်ခဲ့ပြီး ဇွန် ၂၇ ရက်တွင် တစ်ဒေါ်လာ ၁၃၉၅ ကျပ်အထိ (ပို့ကုန်ရငွေ တစ်ဒေါ်လာ ၁၄၀၇ အထိမြင့်တက်) ရောက်ခဲ့ကာ မြန်မာကျပ်ငွေတန်ဖိုး ၁၅ ရက်အတွင်း ၃ ဒသမ ၇ ရာခိုင်နှုန်း ကျဆင်းခဲ့ကြောင်း ဈေးကွက်အတွင်း နိုင်ငံခြားငွေကြေး ရောင်းဝယ်နေသူများထံမှ သိရသည်။

နိုင်ငံတကာ ရင်းနှီးမြှုပ်နှံသူများသည် အမေရိကန်ဗဟိုဘဏ် FED က အတိုးနှုန်း ဆက်လက်တိုးမြှင့်ဦးမည်ဟု ယူဆချက်များ ဖြစ်ပေါ်နေခြင်းကြောင့် ကမ္ဘာ့ဈေးကွက်တွင် ဒေါ်လာဈေးက အမြင့်ဈေးဖြင့် တည်ငြိမ်နေပြီး အခိုင်မာဆုံး ကုန်စည်ဈေးနှုန်း ရွှေဈေးက ခြောက်လခွဲအတွင်း အနိမ့်ဆုံးနှုန်းသို့ ထိုးဆင်းနေသည်။ ရင်းနှီးမြှုပ်နှံသူများသည် ယခုရက်ပိုင်းအတွင်း အမေရိကန်ငွေတိုက်စာချုပ်များနှင့် ဂျပန်ယန်းကဲ့သို့ ငွေမာများတွင် ပိုမိုရွေးချယ်လျက်ရှိကြပြီး ဒေါ်လာမှာဆက်လက် အားကောင်းနေဆဲဖြစ်သည်။ အမေရိကန်အောက်လွှတ်တော်က ဇွန် ၂၆ ရက်တွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ကန့်သတ်သည့် ဥပဒေကို အတည်ပြုခဲ့ပြီး ဒေါ်လာအားကောင်းမှုနှင့် အမေရိကန်ဗဟိုဘဏ်၏ လေးကြိမ်မြောက် အတိုးနှုန်းတက်နိုင်မှုက ကမ္ဘာ့ငွေကြေးဈေးကွက်၊ အခြေခံကုန်စည်နှင့် ရွှေ အပါအဝင် သတ္တုဈေးကွက်ကို အုပ်မိုးထားဆဲဖြစ်ကြောင်း သိရသည်။

အမေရိကန်နိုင်ငံ ရွေးကောက်ပွဲပြုလုပ်ခဲ့သည့် ၂၀၁၆ ခုနှစ် နိုဝင်ဘာလနောက်ပိုင်း ၂၀၁၇ ခုနှစ် ဇန်နဝါရီ ၃ ရက်တွင် ၁၀၃ ဒသမ ၈၂ ပွိုင့်အထိ မြင့်တက်ခဲ့ပြီး ၂၀၁၈ ခုနှစ် ဇန်နဝါရီ ၂၅ ရက်တွင် ၈၈ ဒသမ ၆၃ ပွိုင့်အထိ ကျဆင်းခဲ့သည်။ ပြီးခဲ့သည့် ငါးလအတွင်း အမြင့်ဆုံးဖြစ်ပေါ်ခဲ့သော ကမ္ဘာ့ဒေါ်လာဈေးညွှန်းကိန်းများမှာ ဒီဇင်ဘာတွင် ၉၄ ဒသမ ၁၈ ပွိုင့်၊ ဇန်နဝါရီတွင် ၉၂ ဒသမ ၃၆ ပွိုင့်၊ ဖေဖော်ဝါရီတွင် ၉၀ ဒသမ ၄၃ ပွိုင့်၊ မတ်တွင် ၉၀ ဒသမ ၃၇ ပွိုင့်၊ ဧပြီတွင် ၉၁ ဒသမ ၇၁ ပွိုင့်၊ မေတွင် ၉၄ ဒသမ ၈၃ ပွိုင့်ဖြစ်ပြီး ဇွန် ၂၁ ရက်တွင် ၉၅ ဒသမ ၁၆ ပွိုင့်ဝန်းကျင်သို့ ရောက်ရှိခဲ့ခြင်းဖြစ်သည်။

၂၀၁၈ ခုနှစ် မေလမှစတင်ကာ ကမ္ဘာ့ဒေါ်လာဈေး အညွှန်းကိန်း သိသိသာသာ ပြန်လည်မြင့်တက်ခဲ့ခြင်းဖြစ်ပြီး ပြည်တွင်းဈေးကွက်၌ ငါးလအတွင်း လအလိုက်ဖြစ်ပေါ်သော နိုင်ငံခြားငွေလဲနှုန်း အနိမ့်ဆုံးနှင့် အမြင့်ဆုံးနှုန်းများမှာ ဇန်နဝါရီတွင် ၁၃၂၃-၁၃၅၄ ကျပ်၊ ဖေဖော်ဝါရီတွင် ၁၃၂၃-၁၃၃၁ ကျပ်၊ မတ်တွင် ၁၃၂၆-၁၃၃၄ ကျပ်၊ ဧပြီတွင် ၁၃၂၄-၁၃၃၂ ကျပ်၊ မေလတွင် ၁၃၃၂-၁၃၅၁ တို့ဖြစ်ပြီး ဇန်နဝါရီတွင် ကွာဟချက် အများဆုံးဖြစ်ပေါ်ခဲ့သည်။

ပြီးခဲ့သည့် မတ်လအတွင်း အမြင့်ဆုံး ဈေးနှုန်းအဖြစ် မတ် ၂၁ ရက်တွင် ၁၃၃၄ ကျပ် ဖြစ်ပေါ်ခဲ့သော ဒေါ်လာဈေးသည် မတ် ၂၉ ရက်တွင် ၁၃၂၈ ကျပ်အထိ၊ ဧပြီလဆန်းတွင် ၁၃၂၄ ဝန်းကျင်အထိ ကျဆင်းခဲ့သည်။ ထို့နောက် ဧပြီလကုန်ပိုင်း ၂၈ ရက်တွင် ၁၃၃၁ ကျပ်၊ မေ ၂၁ ရက်တွင် ၁၃၅၁ ကျပ်အထိ မြင့်တက်ခဲ့ပြီး ဇွန် ၁၁ ရက်တွင် ၁၃၄၆ ကျပ်၊ ၁၅ ရက်တွင် ၁၃၅၅ ကျပ်၊ ၁၆ ရက်တွင် ၁၃၆၅ ကျပ်၊ ၂၀ ရက်တွင် ၁၃၆၈ ကျပ်၊ ၂၁ ရက်တွင် ၁၃၇၅ ကျပ်၊ ၂၆ ရက်တွင် ၁၃၈၃ ကျပ်၊ ဇွန် ၂၇ ရက်တွင် ၁၃၉၃ ကျပ်ဝန်းကျင် ဖြစ်ပေါ်ခဲ့သည်။ ဇွန် ၂၇ ရက်တွင် သတ်မှတ်ထားသော ဗဟိုဘဏ် ရည်ညွှန်းငွေလဲနှုန်းမှာ ကျပ် ၁၃၈၀ ဖြစ်ကြောင်း သိရသည်။

၂၀၁၆ ခုနှစ် ဒီဇင်ဘာ ၁၆ ရက်တွင် သမိုင်းတစ်လျှောက် အမြင့်ဆုံးငွေလဲနှုန်းထားအဖြစ် ၁၄၃၈ ကျပ်အထိ ရောက်ရှိခဲ့ပြီး ၂၀၁၈ ခုနှစ် ဇွန် ၂၇ ရက်တွင် ဖြစ်ပေါ်သော တစ်ဒေါ်လာ ၁၃၉၅ ကျပ် ဈေးနှုန်းသည် ၂၀၁၆ ခုနှစ် ဒီဇင်ဘာနောက်ပိုင်း အမြင့်ဆုံး ဈေးနှုန်းဖြစ်သည်။

ပြည်တွင်းဈေးကွက်အတွင်း ဇွန် ၂၇ ရက်တွင် ဖြစ်ပေါ်သော အခြားနိုင်ငံခြားငွေကြေးများ၏ လဲလှယ်မှုနှုန်းထားများမှာ ယူရို ၁၆၁၀ ကျပ်၊ စင်ကာပူဒေါ်လာ ကျပ် ၁၀၂၀၊ မလေးရှားရင်းဂစ် ၃၄၁ ဒသမ ၅ ကျပ်၊ ထိုင်းဘတ် ၄၂ ဒသမ ၂၅ ကျပ်၊ တရုတ်ယွမ် ၂၁၁ ကျပ်၊ ဂျပန်ယန်း ၁၂ ဒသမ ၅ ကျပ်၊ တောင်ကိုရီးယားဝမ် ၁ ဒသမ ၂၇ ကျပ်ဖြစ်ပြီး ဇွန် ၂၆ ရက်နှင့်နှိုင်းယှဉ်ပါက ယူရို ၁၀ ကျပ်၊ စင်ကာပူဒေါ်လာ ခုနစ်ကျပ် မြင့်တက်ခဲ့သည်။

Most Read

Most Recent