ဒဂုံမြောက်မြို့နယ်တွင် ထမင်းဆိုင်၌ ရန်ဖြစ်ခဲ့သည့်အဖွဲ့မှ အမျိုးသားတစ်ဦးအား ရဲတပ်ဖွဲ့က သေနတ်ဖြင့် ပစ်ခတ်ဖမ်းဆီး

ဒဂုံမြောက်မြို့နယ်တွင် ထမင်းဆိုင်၌ ရန်ဖြစ်ခဲ့သည့်အဖွဲ့မှ အမျိုးသားတစ်ဦးအား ရဲတပ်ဖွဲ့က သေနတ်ဖြင့် ပစ်ခတ်ဖမ်းဆီး
Published 10 May 2018

ဒဂုံမြောက်မြို့နယ်ရှိ ထမင်းကြော်ဆိုင် တစ်ဆိုင်တွင် ရန်ဖြစ်ခဲ့သည့်အဖွဲ့မှ အမျိုးသားတစ်ဦးအား ရဲတပ်ဖွဲ့မှ သေနတ်ဖြင့် ပစ်ခတ်ဖမ်းဆီးခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့က ထုတ်ပြန်သည်။

မေ ၈ ရက် ည ၁၁ နာရီခွဲခန့်တွင် ဒဂုံမြောက်မြို့နယ် (၃၅) ရပ်ကွက် ပင်လုံလမ်းနှင့် ကျောင်းလမ်းထောင့်၌ ရောင်းချနေသည့် ထမင်းကြော်ဆိုင်အတွင်း လူငယ်တစ်စုမှ ဆိုင်ရှိ စားပွဲနှင့် ထိုင်ခုံများအား ဝင်ရောက် ဖျက်ဆီးနေကြောင်း သတင်းရသဖြင့် သက်ဆိုင်ရာ မြို့နယ်ရဲတပ်ဖွဲ့မှ တာဝန်ရှိသူများ သွားရောက် စစ်ဆေးခဲ့ကြောင်း သိရသည်။

စစ်ဆေးရာ အဆိုပါနေရာတွင် လူငယ်များအား မတွေ့ရှိရဘဲ နေအိမ်များသို့ ပြန်သွားကြောင်း သိရသဖြင့် ဆိုင်အား ဖျက်ဆီးသူ လူငယ်များအနက် တစ်ဦးမှာ (၃၂) ရပ်ကွက်နေ ချမ်းမြေ့လင်း (ခ) ခေါင်းဖြူ ဖြစ်ကြောင်း၊ ထို့နောက် ရဲတပ်ဖွဲ့ဝင်များက ၎င်းတို့၏ နေအိမ်သို့ လိုက်လံ ဖမ်းဆီးခဲ့သည်။

ချမ်းမြေ့လင်း (ခ) ခေါင်းဖြူ၏ နေအိမ်သို့ ရဲတပ်ဖွဲ့ဝင်များက သွားရောက် မေးမြန်းစုံစမ်းစဉ် ၎င်း၏ မိခင်နှင့် မိသားစုဝင်များက တာဝန်ဆောင်ရွက်သည့် ရဲတပ်ဖွဲ့ဝင်များအား ရန်ပြုဆဲဆိုခဲ့သည့်အပြင် ချမ်းမြေ့လင်း (ခ) ခေါင်းဖြူမှာ ရဲတပ်ဖွဲ့ဝင်များအား ဝင်ရောက် ထိုးကြိတ်ခဲ့ကာ ၁၂ ဘို့ ပြောင်းချော သေနတ်အား လုယူပစ်ခတ်ရန် ကြိုးပမ်းခဲ့ကြောင်း သိရသည်။

ထို့နောက် ရဲတပ်ဖွဲ့ဝင်တစ်ဦးမှ ချမ်းမြေ့လင်း (ခ) ခေါင်းဖြူထံမှ သေနတ်အား ပြန်လည်ရယူပြီး မိုးပေါ်သို့ ထောင်ကာ သေနတ်တစ်ချက် ပစ်ဖောက်ခဲ့သော်လည်း ချမ်းမြေ့လင်း (ခ) ခေါင်းဖြူက သေနတ်အား ထပ်မံလုယူရန် ကြိုးပမ်းခဲ့သည်ဟု ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့က ထုတ်ပြန်သည်။

ထိုသို့ သေနတ်အား ထပ်မံလုယူရန် ကြိုးပမ်းခဲ့သည့် ချမ်းမြေ့လင်း (ခ) ခေါင်းဖြူအား ရဲတပ်ဖွဲ့မှ သေနတ်ဖြင့် နှစ်ချက်ပစ်ခဲ့ကြောင်း သိရသည်။

အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ ရဲတပ်ဖွဲ့ဝင်များအား ပြန်လည်ခုခံရန်ပြုပြီး လက်နက်အား လုယက်သူ ချမ်းမြေ့လင်း (ခ) ခေါင်းဖြူ နှင့် မိသားစုဝင် လေးဦးအား ဒဂုံမြောက် ရဲစခန်းက ရာဇသတ်ကြီးပုဒ်မ ၃၀၇/၃၃၂ ဖြင့် ဖမ်းဆီး အမှုဖွင့်ထားကြောင်း သိရသည်။

“ထမင်းကြော်ဆိုင်က ခုံတွေ ဖျက်ဆီးပြီး ရန်ဖြစ်တဲ့အဖွဲ့ကိုလည်း အမှုဖွင့်ထားပြီး ဖမ်းဆီးရမိဖို့ ဆောင်ရွက်နေပါတယ်။ အဲဒီလူငယ်အဖွဲ့မှာ ချမ်းမြေ့လင်းလည်း ပါဝင်လို့ အခြားသူနဲ့အတူ ပါဝင်သူတွေကို ဖမ်းဆီးဖို့ လုပ်ဆောင်နေပါတယ်”ဟု ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှ ရဲအရာရှိတစ်ဦးက ပြောကြားသည်။

Most Read

Most Recent