FBI ညွှန်ကြားရေးမှူး ကက်ရှ် ပက်တယ်သည် ဇူလိုင် ၂၁ ရက်က ဝန်ကြီးချုပ် အနူတင် ချန်ဗီရာကူးလ်နှင့် တွေ့ဆုံခဲ့ပြီး ကျားဖျန့်ကွန်ရက်များကို တိုက်ဖျက်ရာတွင် ထိုင်းနိုင်ငံ၏ ကြိုးပမ်းအားထုတ်မှုများကို ချီးကျူးခဲ့သည်ဟု ဘန်ကောက်ပို့စ် သတင်းတွင် ဖော်ပြခဲ့သည်။
ထို့ပြင် ပက်တယ်သည် ဆိုက်ဘာရာဇဝတ်မှု၊ လူကုန်ကူးမှုနှင့် မူးယစ်ဆေးဝါး တိုက်ဖျက်ရေးတို့ အပါအဝင် နယ်စပ်ဖြတ်ကျော် ရာဇဝတ်မှုများကို တိုက်ဖျက်ရန် ပိုမိုနီးကပ်စွာ ပူးပေါင်းဆောင်ရွက်သွားမည်ဟု ကတိပြုခဲ့သည်။
အစိုးရအဖွဲ့ရုံး၌ ပြုလုပ်သော အဆိုပါ တွေ့ဆုံပွဲကို ထိုင်းနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး ရှောင် အိုနီးလ်လည်း တက်ရောက်ခဲ့ပြီး FBI နှင့်ထိုင်းတော်ဝင် ရဲတပ်ဖွဲ့ကြား ကာလရှည်ကြာ တည်ရှိခဲ့သော မိတ်ဖက်ဆက်ဆံရေးကို ပေါ်လွင်စေခဲ့သည်။
FBI ညွှန်ကြားရေးမှူးသည် အွန်လိုင်း ရာဇဝတ်ကွန်ရက်များကို ဖြိုခွင်းရာတွင် ထိုင်းနိုင်ငံ၏ ကြိုးပမ်းအား ထုတ်မှုများကို ချီးကျူးခဲ့ပြီး ထိုင်းတော်ဝင်ရဲတပ်ဖွဲ့နှင့် FBI ကြား နီးကပ်သော လုပ်ငန်းခွင် ပူးပေါင်းဆောင်ရွက် မှုကို အသိအမှတ်ပြု ချီးကျူးခဲ့သည်ဟု ထိုင်းအစိုးရ ပြောရေးဆိုခွင့်ရှိသူ ရာချာဒါ ဒါနာဒီရက်က ပြောကြား ခဲ့သည်။
ထို့ပြင် သတင်းအချက်အလက် မျှဝေခြင်းကို တိုးချဲ့ခြင်း၊ စုံစမ်းစစ်ဆေးမှုများတွင် ပူးပေါင်းညှိနှိုင်းမှု မြှင့်တင်ခြင်းနှင့် ပေါ်ပေါက်လာသော လုံခြုံရေး ခြိမ်းခြောက်မှုများကို ဖြေရှင်းနိုင်ရန် စွမ်းဆောင်ရည်များ မြှင့်တင်ခြင်းတို့ဖြင့် ရာဇဝတ်ဂိုဏ်းများနှင့် နည်းပညာဆိုင်ရာ ရာဇဝတ်မှုများကို တိုက်ဖျက်ရာတွင် ပူးပေါင်းဆောင်ရွက်မှုကို ပိုမိုတင်းကျပ်သွားရန် သဘောတူညီခဲ့ကြသည်။
ထိုင်းဝန်ကြီးချုပ် အနူတင်က လူကုန်ကူးမှု၊ မူးယစ်ဆေးဝါး ကုန်ကူးမှုနှင့် အွန်လိုင်း လိမ်လည်မှုများကို တိုက်ဖျက်ရေးသည် ထိုင်းအစိုးရအတွက် နိုင်ငံတော်အဆင့် ဦးစားပေး လုပ်ငန်းတစ်ရပ်အဖြစ် ဆက်လက် တည်ရှိနေကြောင်း အတည်ပြု ပြောကြားခဲ့သည်။
"ထိုင်းနိုင်ငံအနေနဲ့ နယ်စပ်ဖြတ်ကျော် ရာဇဝတ်မှုတွေကို တိုက်ဖျက်ရာမှာ ပိုမိုအားကောင်းလာစေဖို့ FBI နဲ့ နိုင်ငံတကာ မဟာမိတ်တွေနဲ့ နီးနီးကပ်ကပ် ပူးပေါင်းဆောင်ရွက်သွားဖို့ အသင့်ရှိပါတယ်" ဟု အနူက ပြောကြားခဲ့သည်။
တရားဥပဒေ စိုးမိုးရေး ထိရောက်မှုကို မြှင့်တင်ရန်အတွက် အချက်အလက်များ ပိုမိုမျှဝေခြင်းသည် မရှိမဖြစ် လိုအပ်မည်ဖြစ်ကြောင်းလည်း ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။
Ref: Bangkok Post















