ဒီအာကွန်ဂိုနိုင်ငံတွင် အီဘိုလာရောဂါကူးစက်ခံရသူ ၃၂၀၀ ရှိပြီး သေဆုံးသူ ၁၄၀၅ ဦးအထိ မြင့်တက်လာ ခဲ့ကြောင်း အစိုးရ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ဒီအာကွန်ဂိုနိုင်ငံအတွင်း လက်ရှိဖြစ်ပွားနေသည့် အီဘိုလာရောဂါကူးစက်မှုသည် ၁၇ ကြိမ်မြောက်ဖြစ်ပြီး ပြီးခဲ့သည့် ၁၀ ရက်အတွင်း ကူးစက်ခံရသူ အရေအတွက် ၁၀၀၀ ခန့်အထိ ထပ်မံမြင့်တက်လာခဲ့ခြင်း ဖြစ်ကြောင်း ဇူလိုင် ၂၆ ရက်က ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
မေလ ၁၅ ရက်နေ့က စတင်တွေ့ရှိခဲ့သည့် အဆိုပါ ရောဂါကူးစက်မှုသည် တရားဝင် အတည်ပြုထားသည့် ကာကွယ်ဆေး သို့မဟုတ် ကုသဆေးမရှိသေးသော Bundibugyo အီဘိုလာ ဗိုင်းရပ်စ်မျိုးကွဲကြောင့် ဖြစ်ပွားခြင်းဖြစ်သည်။
ဒီအာကွန်ဂိုတွင် ရောဂါဖြစ်ပွားမှု၏ ၉၀ ရာခိုင်နှုန်းနီးပါးသည် တောင်ဆူဒန်နှင့် ယူဂန်ဒါနိုင်ငံတို့နှင့် နယ်နိမိတ် ချင်း ထိစပ်နေသော အီတူရီပြည်နယ်တွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က ဖော်ပြခဲ့သည်။
Ref: Al Jazeera















