ရီးယဲလ်မက်ဒရစ်အသင်းဟာ လိုက်ပ်ဇစ်အသင်းက အိုင်ဗရီကို့စ်တောင်ပံကစားသမား ဒီယိုမန်ဒီကို ခေါ်ယူဖို့ ပုဂ္ဂိုလ်ရေးသဘောတူညီမှု ရရှိခဲ့ပြီဖြစ်ကြောင်း သိရပါတယ်။
ပြီးခဲ့တဲ့ရာသီက ဘွန်ဒစ်လီဂါပြိုင်ပွဲမှာ အကောင်းဆုံးလူငယ်ကစားသမားဆု ရရှိခဲ့တဲ့ ဒီယိုမန်ဒီ(၁၉ နှစ်)ကို ခေါ်ယူဖို့ PSG နဲ့ လီဗာပူးလ်တို့ကလည်း စိတ်ဝင်စားခဲ့ကြပြီး ကမ်းလှမ်းမှုအားလုံးကို လိုက်ပ်ဇစ်အသင်းက ငြင်းပယ်ခဲ့ကြောင်းလည်း သိရပါတယ်။
လီဗာပူးလ်အသင်းက ပြီးခဲ့တဲ့ ဇွန်လအတွင်း ပေါင်(၆၉)သန်းနဲ့ ကမ်းလှမ်းခဲ့သလို၊ PSG အသင်းကလည်း တနင်္ဂနွေနေ့က ပေါင်(၁၀၂.၅)သန်းနဲ့ ကမ်းလှမ်းခဲ့ပေမဲ့ ငြင်းပယ်ခံခဲ့ရပါတယ်။
ရီးယဲလ်အသင်းရဲ့ ယူရိုသန်း(၁၀၀)နဲ့ ကမ်းလှမ်းမှုလည်း ငြင်းပယ်ခံခဲ့ရပေမဲ့ ရီးယဲလ်အသင်းက ကစားသမားနဲ့ ပုဂ္ဂိုလ်ရေးသဘောတူညီမှု ရယူနိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်။
ဒါကြောင့် လက်ရှိအချိန်မှာ ရီးယဲလ်အသင်းက လိုက်ပ်ဇစ်အသင်းနဲ့ ပြောင်းရွှေ့ကြေးဆက်လက်ညှိနှိုင်းဖို့သာ ကျန်ရှိတော့ပြီး လိုက်ပ်ဇစ်အသင်းက ယူရိုသန်း(၁၃၀)အထိ အလိုရှိနေကြောင်း သိရပါတယ်။
လိုက်ပ်ဇစ်အသင်းက ဒီယိုမန်ဒီကို ပြီးခဲ့တဲ့နှစ် နွေရာသီမှာမှ လီဟာနက်စ်အသင်းကနေ စာချုပ်လျော်ကြေး ယူရိုသန်း(၂၀)နဲ့ ခေါ်ယူထားခဲ့တာပါ။
ဒီယိုမန်ဒီက ရီးယဲလ်အသင်းနဲ့ ၂၀၃၁ ခုနှစ်အထိ စာချုပ်ချုပ်ဆိုသွားမှာဖြစ်ပြီး ဒီရက်သတ္တပတ်အတွင်း မက်ဒရစ်မှာ ဆေးစစ်မှုပြုလုပ်မယ်လို့ သိရပါတယ်။















