■ ဝဇီရာနိုင်ငံတကာအဆင့်မီဂုဏ်ပြုခံကဇာတ်ရုံကို နိုင်ငံတော် သမ္မတက စက်ခလုတ်နှိပ် ဖွင့်လှစ်၊ အနုပညာရှင်အများအပြားတက်ရောက်

■ ဝဇီရာနိုင်ငံတကာအဆင့်မီဂုဏ်ပြုခံကဇာတ်ရုံကို နိုင်ငံတော် သမ္မတက စက်ခလုတ်နှိပ် ဖွင့်လှစ်၊ အနုပညာရှင်အများအပြားတက်ရောက်
Published 27 July 2026

ဝဇီရာနိုင်ငံတကာအဆင့်မီ ဂုဏ်ပြုခံကဇာတ်ရုံကို နိုင်ငံတော်သမ္မတ တက်ရောက်ဖွင့်လှစ်ခဲ့ပြီး အနုပညာရှင်အများအပြား တက်ရောက်ခဲ့ကြောင်း သိရသည်။

နှစ်ပေါင်း ၁၀၀ ကျော် သက်တမ်းရှိ ရှေးဟောင်းသမိုင်းဝင် အမွေအနှစ်ဖြစ်သည့် ဝဇီရာကဇာတ်ရုံကို မူလလက်ရာမပျက် ပြန်လည်ထိန်းသိမ်းမွမ်းမံကာ ဝဇီရာနိုင်ငံတကာအဆင့်မီ ဂုဏ်ပြုခံကဇာတ်ရုံအဖြစ် အဆင့်မြှင့်တင်ဖွင့်လှစ်သည့် အခမ်းအနားကို ဇူလိုင် ၂၇ ရက်က ရန်ကုန်မြို့၌ ကျင်းပခဲ့ပြီး နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က စက်ခလုတ်နှိပ်ဖွင့်လှစ်၍ ကမ္ပည်းမော်ကွန်းအား အမွှေးနံ့သာရည် ပက်ဖျန်းပေးခဲ့သည်ကို တွေ့ရသည်။

ယင်းနောက် ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးထိန်လင်း၊ ဟိုတယ်နှင့် ခရီးသွားလာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မြင့်နှင့် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးအောင်နိုင်သူတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ခဲ့ကြသည်။

အခမ်းအနားသို့ နိုင်ငံတော်သမ္မတ၊ ပြည်ထောင်စုဝန်ကြီးများ၊ ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များ၊ ရန်ကုန်တိုင်း ဒေသကြီးဝန်ကြီးချုပ်၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များနှင့် မြန်မာနိုင်ငံရုပ်ရှင်၊ သဘင်၊ ဂီတအစည်း အရုံးများမှ အနုပညာရှင်များ၊ အတတ်ပညာရှင်များ တက်ရောက်ခဲ့ကြသည်။

နိုင်ငံတော်သမ္မတက နှစ်ပေါင်း ၁၀၀ ကျော် သက်တမ်းရှိ ဝဇီရာကဇာတ်ရုံကို မူလလက်ရာမပျက် ပြန်လည်မွမ်းမံ၍ နိုင်ငံတကာအဆင့်မီ ဂုဏ်ပြုခံကဇာတ်ရုံအဖြစ် အောင်မြင်စွာ ဖွင့်လှစ်နိုင်ခဲ့ခြင်းအတွက် ဂုဏ်ယူဝမ်းမြောက်ကြောင်း၊ ယင်းကဇာတ်ရုံတွင် တင်ဆက်မည့် အနုပညာလက်ရာများသည် ဖျော်ဖြေရေး သက်သက်မဟုတ်ဘဲ မြန်မာ့ယဉ်ကျေးမှုကို ထိန်းသိမ်းမြှင့်တင်ကာ အမျိုးသားဂုဏ်ဒြပ်ကို ဖော်ဆောင်နိုင်သည့် တင်ဆက်မှုများ ဖြစ်လာမည်ဖြစ်ပြီး မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်သည့် နိုင်ငံခြားဧည့်သည်များ ဂုဏ်ယူစွာ ကြည့်ရှုခံစားနိုင်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ဝဇီရာနိုင်ငံတကာအဆင့်မီဂုဏ်ပြုခံကဇာတ်ရုံသည် ရုပ်ရှင်၊ ပြဇာတ်၊ ဇာတ်သဘင်၊ ရုပ်သေး၊ အကနှင့် ဂီတဖျော်ဖြေပွဲများ ကျင်းပနိုင်သည့် ဘက်စုံသုံးအနုပညာဗဟိုချက်တစ်ခုအဖြစ် ရပ်တည်သွားမည်ဖြစ် ကြောင်း လည်း နိုင်ငံတော်သမ္မတက အလေးပေးပြောကြားခဲ့သည်။

ထို့နောက် ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးထိန်လင်းက ဝဇီရာနိုင်ငံတကာအဆင့်မီ ဂုဏ်ပြုခံကဇာတ်ရုံ ဖွင့်ပွဲအထိမ်းအမှတ် လက်ဆောင်ကို နိုင်ငံတော်သမ္မတထံ ဂါရဝပြုပေးအပ်ခဲ့သည်။

ဝဇီရာနိုင်ငံတကာအဆင့်မီဂုဏ်ပြုခံကဇာတ်ရုံဖွင့်လှစ်ပွဲသို့ နိုင်ငံကျော်အနုပညာရှင်များဖြစ်သည့် ပြေတီဦး၊ နေတိုး၊ ရန်အောင်၊ ရဲအောင်၊ ခန့်စည်သူ၊ ဖိုးချစ်၊ စိုးမြတ်သူဇာ၊ မေသန်းနု၊ အိန္ဒြာကျော်ဇင်၊ ဝတ်မှုံရွှေရည်၊ ယွန်းယွန်း၊ ဒိန်းဒေါင်၊ ခင်လှိုင်၊ ဒါရိုက်တာ ဝင်းလွင်ထက် အစရှိသူတို့လည်း တက်ရောက်ခဲ့ကြောင်း သိရသည်။

အခမ်းအနားအပြီးတွင် မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး၊ မြန်မာနိုင်ငံသဘင်အစည်းအရုံးနှင့် မြန်မာနိုင်ငံဂီတအစည်းအရုံးတို့က ဂုဏ်ပြုဖျော်ဖြေတင်ဆက်ခဲ့ကြပြီး နိုင်ငံကျော်ရုပ်သေးပညာရှင်များ၏ ရုပ်သေးဖျော်ဖြေမှု၊ မြန်မာနိုင်ငံဟာသပညာရှင်များအစည်းအရုံး၏ ဂုဏ်ပြုအစီအစဉ်များနှင့် ပြဇာတ်ဖျော်ဖြေမှုများကိုလည်း ဆက်လက်တင်ဆက်သွားမည်ဖြစ်ကြောင်း သိရသည်။

ရန်ကုန်မြို့ ကျောက်တံတားမြို့နယ် ဗိုလ်ချုပ်အောင်ဆန်းလမ်း အမှတ် ၃၂၇ တွင် တည်ရှိသည့် ဝဇီရာရုပ်ရှင်ရုံသည် ၁၉၂၃ ခုနှစ်ခန့်ကတည်ဆောက်ခဲ့သည့် ရှေးဟောင်းရုပ်ရှင်ရုံဖြစ်ပြီး ၁၆ ရာစုမှ ၁၈ ရာစုအတွင်းရှိ ဗိသုကာအသွင်အပြင်များ ပေါင်းစပ်ထားသည့် Beaux Arts ဗိသုကာလက်ရာပုံစံများ၊ ရုပ်လုံးကြွများဖြင့် တန်ဆာဆင်တည်ဆောက်ထားခြင်းဖြစ်ကြောင်း သိရသည်။

Most Read

Most Recent