မြန်မာ့ကောက်ညှင်းဆန်အား တရုတ်နိုင်ငံမှ Blacklist ပြုလုပ်ခြင်းမရှိကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်က ဇူလိုင် ၂၄ ရက်တွင် ရှင်းလင်းချက် ထုတ်ပြန်သည်။
မြန်မာနိုင်ငံအနေဖြင့် ကောက်ညှင်းဆန်နှင့် ကောက်ညှင်းဆန်ကွဲများကို ဥရောပနိုင်ငံများ၊ အာရှနိုင်ငံများ (အထူးသဖြင့် Belgium, Indonesia, Netherlands, France, Cyprus, Japan နှင့် India နိုင်ငံများ) ထံသို့ နှစ်စဉ် ပုံမှန်တင်ပို့မှုရှိကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်၏ ထုတ်ပြန်ချက်တွင် ပါရှိသည်။
တရုတ်ပြည်သူ့သမ္မတနိုင်ငံ အပါအဝင် ဘယ်လ်ဂျီယံ၊ အင်ဒိုနီးရှား၊ နယ်သာလန်၊ ပြင်သစ်၊ ဆိုက်ပရပ်၊ ဂျပန်နှင့် အိန္ဒိယနိုင်ငံများအနေဖြင့် မြန်မာနိုင်ငံမှ စိုက်ပျိုးထုတ်လုပ်သော ကောက်ညှင်းဆန်၊ ဆန်ကွဲများကို ပိုမိုတိုးမြှင့် ဝယ်ယူလိုကြပြီး မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်အနေဖြင့် ကောက်ညှင်းဆန် စိုက်ပျိုးထုတ်လုပ်မှုနှင့် တင်ပို့မှုကို တိုးမြှင့်ဆောင်ရွက်ရန် ကြိုးပမ်းလျက်ရှိကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
မြန်မာကောက်ညှင်းဆန်၏ အစေးဓာတ်သည် ထိုင်း၊ လာအို ကောက်ညှင်းဆန်းတို့ကဲ့သို့ မစေးသဖြင့် မျိုးထုတ်လုပ်မှုမှစတင်ပြီး ပြင်ဆင်ဆောင်ရွက်ရမည့်အခြေအနေဖြစ်သည်ဟုလည်း အသင်း၏ ထုတ်ပြန်ချက်တွင် ပါရှိသည်။
ကောက်ညှင်းဆန်ကို ယခုနှစ် ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ် (ဧပြီ၊ မေ၊ ဇွန်) တွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ တန်ချိန် ၂၆၀၀ တန်၊ အမေရိကန်ဒေါ်လာ ၁ ဒသမ ၁ သန်း တန်ဖိုးကို တင်ပို့ထားကြောင်း၊ ကောက်ညှင်းဆန်သည် တစ်တန်လျှင် USD ၅၅၀ ဝန်းကျင်၊ ကောက်ညှင်းဆန်ကွဲသည် တစ်တန်လျှင် USD ၄၃၀-၄၄၀ ဝန်းကျင်ဖြစ်၍ ဈေးကောင်းရသော တန်းမြင့်ဆန် အမျိုးအစား ဖြစ်ကြောင်း၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံရှိ ဝယ်လက် (Buyer) များအနေဖြင့် မြန်မာနိုင်ငံမှ ကောက်ညှင်းဆန် အပါအဝင် ဆန်၊ ဆန်ကွဲ မျိုးစုံကို ဝယ်ယူလျက်ရှိပြီး ၂၀၂၅-၂၀၂၆ တွင် တန်ချိန် ၁၃၅၅၉၃၃ တန်၊ အမေရိကန်ဒေါ်လာ ၃၉၄ သန်း တန်ဖိုးကို ဝယ်ယူထားကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်က ထုတ်ပြန်သည်။
လူမှုကွန်ရက်တွင် ရေးသားဖော်ပြထားသော မြန်မာ့ကောက်ညှင်းဆန်အား တရုတ်နိုင်ငံမှ Blacklist လုပ်သည်ဆိုသော ဖော်ပြချက်သည် မှန်ကန်ခြင်းမရှိကြောင်းနှင့် ဆန်၊ ဆန်ကွဲ ပြည်ပတင်ပို့ရာတွင် နိုင်ငံတကာ အရည်အသွေးစစ်ဆေးသည့် Third Party Inspection များ (SGS, Cotecna, BV, ISC, OMIC စသော စစ်ဆေးရေးအဖွဲ့များ) ၊ တရုတ်နိုင်ငံသို့ တင်ပို့ရာတွင် CCIC အဖွဲ့၏ စစ်ဆေးမှုများဖြင့် အလေးချိန် (Weight) ၊ အရည်အသွေး (Quality) နှင့် အခြား (ရူပ/ ဓာတု) စစ်ဆေးမှုများကို ဆောင်ရွက်ပြီးမှ တင်ပို့ရောင်းချခြင်းဖြစ်ကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်က ထုတ်ပြန်သည်။
ပြည်ပတင်ပို့ခြင်းတွင် ရောင်းသူ ဝယ်သူ စာချုပ်ချုပ်ဆိုပြီး စာချုပ်အရ ဈေးနှုန်း၊ အရည်အသွေးတို့ကို နှစ်ဖက်သဘောတူညီမှုဖြင့် Third Party အရည်အသွေး စစ်ဆေးရေးအဖွဲ့များ၏ လက်မှတ် (Certificate) များ ရယူဆောင်ရွက်ရသကဲ့သို့ နိုင်ငံတော်အစိုးရဘက်မှလည်း Pre-shipment နှင့် Post-shipment Inspection များ၊ Sanitary & Phyto-sanitary စစ်ဆေးမှုများဖြင့် နိုင်ငံတကာ လုပ်ထုံးလုပ်နည်းများနှင့်အညီ ပြည်ပတင်ပို့ ဆောင်ရွက်ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
နိုင်ငံတော်၏ မူဝါဒများ၊ လမ်းညွှန်ချက်များနှင့်အညီ တန်းမြင့်ဆန်း (High Quality Rice) များ ထုတ်လုပ်တင်ပို့နိုင်ရေးအတွက် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်အနေဖြင့် ကြိုးပမ်းဆောင်ရွက်လျက်ရှိပြီး မြန်မာနိုင်ငံ၏ ဆန်တင်ပို့မှုအခြေအနေနှင့်ပတ်သက်၍ သိရှိလိုသည်များရှိပါက အသင်းချုပ်၏ ရုံးဖုန်းနံပါတ် ၀၁-၂၃၀၁၁၅၈၊ ၀၁-၂၃၀၁၁၅၉၊ ၀၁-၂၁၅၆၆-၆၈၊ Email: admin@mrf.com.mm သို့ ဆက်သွယ်စုံစမ်း မေးမြန်းနိုင်ပါကြောင်းနှင့် နိုင်ငံတကာဈေးကွက်သို့ ပိုမိုတိုးမြှင့်တင်ပို့နိုင်ရေးအတွက် အပြုသဘောဖြင့် ဝေဖန်ဆန်းစစ် အကြံပြုနိုင်ကြောင်း၊ သတင်းများ၊ အချက်အလက် ခိုင်လုံမှုမရှိသော ဖော်ပြချက်များ ပေါ်ထွက်ပါက ဆက်သွယ်အတည်ပြုချက် ရယူပြီး သတင်းမှန်၊ အခြေအနေမှန်ကို ဖော်ပြသင့်ကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်က ထုတ်ပြန်သည်။
နိုင်ငံတော်၏ လမ်းညွှန်မှုနှင့်အညီ တန်းမြင့်ဆန်များ တိုးမြှင့်တင်ပို့နိုင်ရေးအတွက် မြန်မာ့ပေါ်ဆန်း အပါအဝင် တန်းမြင့်ဆန်းမျာဖြစ်သည့် Super 0%, Super 5%, 10% အဆင့်အတန်းများနှင့် ပေါင်းဆန်၊ ဆန်မွှေး၊ ကောက်ညှင်းဆန်တို့ကို တိုးမြှင့်တင်ပို့နိုင်ရေး မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်အနေဖြင့် အထူးဦးစားပေး ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်းလည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။















