ထိုင်းနိုင်ငံ၊ ဆိုင်းယော့ (Sai Yok) မြို့နယ်အတွင်း မြန်မာနိုင်ငံသား လင်မယားနှစ်ဦး သယ်ဆောင်လာသည့် မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

ထိုင်းနိုင်ငံ၊ ဆိုင်းယော့ (Sai Yok) မြို့နယ်အတွင်း မြန်မာနိုင်ငံသား လင်မယားနှစ်ဦး သယ်ဆောင်လာသည့် မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ
Published 15 July 2026

ထိုင်းနိုင်ငံ၊ ကန်ချနဘူရီခရိုင်၊ ဆိုင်းယော့ (Sai Yok) မြို့နယ်အတွင်း မြန်မာနိုင်ငံသား လင်မယားနှစ်ဦး သယ်ဆောင်လာသည့် မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိခဲ့ကြောင်း ထိုင်းနိုင်ငံဘက်မှလာသည့် သတင်းများအရ သိရသည်။

ဇူလိုင် ၁၃ ရက်နေ့  မွန်းလွဲပိုင်းက ကန်ချနဘူရီခရိုင်၊ ဆိုင်းယော့မြို့နယ်၊ ထစောင် (Tha Sao) ရပ်ကွက်ရှိ ယာဉ်ရပ်နားစခန်းတွင် မြန်မာနိုင်ငံသား အသက် (၄၈) နှစ်အရွယ် ဂျူမစ် ဆိုသူနှင့် ဇနီးဖြစ်သူ အသက် (၃၉) နှစ်အရွယ် ဒေါ်တင်ထွေး ဆိုသူတို့နှစ်ဦး မောင်းနှင်လာသည့် မော်တော်ယာဉ်အား ထိုင်းအာဏာပိုင်များက မသင်္ကာ၍ စစ်ဆေးမှုများလုပ်ဆောင်ခဲ့သည်။

ထိုသို့ စစ်ဆေးခဲ့ရာ မော်တော်ယာဉ်အား ဆီတိုင်ကီမှာ ပုံမှန်မဟုတ်ဘဲ၊ အသစ်ပြန်လည် ဂဟေဆော်ထားပြီး ဆေးပြန်မှုတ်ထားသည်ကိုတွေ့ရှိခဲ့ရ၍ ဖွင့်ကြည့်စစ်ဆေးခဲ့ရာ ဆီတိုင်ကီထဲမှ အသေအချာ ထုတ်ပိုးထားသည့် စိတ်ကြွရူးသွပ်ဆေးပြား (၆၀၀၀၀) အား ထိုင်းအာဏာပိုင်များမှ ရှာဖွေတွေ့ရှိခဲ့ခြင်းဖြစ်သည်။

ထိုမူးယစ်ဆေးဝါးများနှင့် ပတ်သက်ပြီး ထိုင်းအာဏာပိုင်များက မြန်မာနိုင်ငံသား လင်မယားနှစ်ဦး အားစစ်ဆေးမေးမြန်းခဲ့ရာ၎င်းတို့မှာ ကန်ချနဘူရီခရိုင်၊ စံခလဘူရီမြို့နယ်၊ နောင်လူးကျေးရွာတွင်  နေထိုင်ကြသူများဖြစ်ကြကြောင်း၊  မူးယစ်ဆေးဝါးအပြင် အထောက်အထားမဲ့မြန်မာနိုင်ငံသားများကိုပါ သယ်ဆောင်နေသည်မှာ (၁၀) ကြိမ်ခန့်ရှိပြီးဖြစ်ကြောင်း၊  တစ်ကြိမ်လျှင် ထိုင်းဘတ်ငွေ (၁၅၀၀၀) ဘတ်ရရှိကြောင်း နှင့် မူးယစ်ဆေးဝါးများအား ကန်ချနဘူရီမြို့ပေါ်ရှိ ဖောက်သည်များထံသို့ ပို့ဆောင်ရန် ထိုင်း - မြန်မာနယ်စပ်ဘက်မှ ထွက်လာစဉ် ယခုကဲ့သို့ အဖမ်းခံရခြင်းဖြစ်ကြောင်းကို စစ်ဆေးပေါ်ပေါက်ထားကြောင်း ထိုင်းသတင်းများ၏ ဖေါ်ပြချက်များအရ သိရသည်။

ထို့အပြင် ၎င်းတို့မောင်းနှင်လာသည့် မော်တော်ယာဉ်မှာလည်း မြန်မာဘက်ခြမ်းမှ မူးယစ်ဆေးဝါးပိုင်ရှင်ဖြစ်သူက ၎င်းတို့၏ အမည်ဖြင့် ဝယ်ယူပေးထားပါကြောင်းနှင့် အခင်းမဖြစ်ခင် တစ်ရက်အလိုက ထိုမော်တော်ယာဉ်အား မြန်မာဘက်ခြမ်းသို့ ပို့ဆောင်ပေးထားရပြီး မူးယစ်ဆေးဝါးများအား ကားဆီတိုင်ကီအတွင့်းထည့်ပေးခဲ့ကြောင်းလည်း ထိုင်းသတင်းများက ဆိုထားကြသည်။

မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးရမိခဲ့သူ မြန်မာနိုင်ငံသားနှစ်ဦးမှာ လမ်းတွင် ထိုင်းအာဏာပိုင်များအား ဘတ်ငွေ (၂) သောင်းမှ (၃) သောင်းကြားလာဘ်ငွေပေးရန်လည်း ကြိုးစားခဲ့သေးကြောင်းလည်း သိရသည်။

ထိုဖြစ်စဉ်နှင့် ပတ်သက်၍ မြန်မာနိုင်ငံသား လင်မယားနှစ်ဦးအား စိတ်ကြွဆေးပြားများ လက်ဝယ်ထားရှိမှု၊ ရောင်းချရန် ကြံစည်မှု အပြင်၊ ထိုင်းနိုင်ငံအတွင်း တရားမဝင် နေထိုင်မှုများဖြင့် အမှုဖွင့်ထားပြီး နောက်ကွယ်က ခိုင်စေနေသည့် ဂိုဏ်းကိုလည်း ဆက်လက်ဖေါ်ထုတ်နေကြောင်း ထိုင်းသတင်းများ၏ ဖေါ်ပြချက်များအရ သိရသည်။

ဘိုဘိုမြင့်

Photo  – Thai News

Most Read

Most Recent