အင်္ဂလန်လက်ရွေးစင်တိုက်စစ်မှူးဟောင်း အဘွန်လဟော်က အင်္ဂလန်အသင်းမှာ အာဆင်နယ်ကွင်းလယ်ကစားသမား ဒက်ကလန်ရိုက်စ်ထက် ရီးယဲလ်မက်ဒရစ်ကွင်းလယ်ကစားသမား ဘယ်လင်ဂမ်က အသင်းခေါင်းဆောင်ဖြစ်လာဖို့ အလားအလာပိုများကြောင်း သုံးသပ်ပြောကြားခဲ့ပါတယ်။
အင်္ဂလန်အသင်းရဲ့ လက်ရှိအသင်းခေါင်းဆောင်က ဘိုင်ယန်မြူးနစ်တိုက်စစ်မှူး ဟာရီကိန်းဖြစ်ပြီး နည်းပြ တူဟယ်လ်က ဒက်ကလန်ရိုက်စ်ကို ဒုတိယအသင်းခေါင်းဆောင်အဖြစ် တာဝန်ပေးထားပါတယ်။
ဒါကြောင့် အသက်(၃၂)နှစ်ရှိပြီဖြစ်တဲ့ ဟာရီကိန်း အနားယူသွားရင် ဒက်ကလန်ရိုက်စ် အသင်းခေါင်းဆောင်ဖြစ်လာလိမ့်မယ်လို့ ပရိသတ်အများစုက ယူဆနေကြပေမဲ့ အဘွန်လဟော်က ဘယ်လင်ဂမ် ဖြစ်နိုင်ခြေများကြောင်း ပြောကြားခဲ့တာပါ။
''ဘယ်လင်ဂမ်က နောက်လာမယ့် အင်္ဂလန်အသင်းခေါင်းဆောင်ပါ။ လူတွေက ဒက်ကလန်ရိုက်စ်အကြောင်း ပြောနေကြပေမဲ့ အဲဒီလို ဖြစ်လာမှာမဟုတ်ပါဘူး။ သူ့(ဘယ်လင်ဂမ်)ကစားပုံနဲ့ အစွမ်းအစက ဇီဒန်းကို အမှတ်ရစေပါတယ်။ သူက အသင်းကို ဆွဲခေါ်နေတဲ့သူလည်း ဖြစ်ပါတယ်။ သူက ကမ္ဘာ့အဆင့် ကစားသမားပါ။ ကွင်းပြင်ပက သူ့အကြောင်း နားစွင့်ကြည့်လိုက်ရင်လည်း တကယ့်ကို တည်ငြိမ်အေးဆေးသူ ဖြစ်နေပါတယ်။ သူက ဟာရီကိန်းအလွန်မှာ အင်္ဂလန်အသင်းခေါင်းဆောင် ဖြစ်လာမယ့်သူလို့ ထင်ပါတယ်'' လို့ အဘွန်လဟော်က ပြောကြားခဲ့ပါတယ်။
ဘယ်လင်ဂမ်ဟာ ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အသင်းခေါင်းဆောက် ဟာရီကိန်းနဲ့အပြိုင် (၆)ဂိုးသွင်းယူထားပြီး နောက်ဆုံးနှစ်ပွဲဆက်တိုက် (၂)ဂိုးစီသွင်းယူကာ ခြေစွမ်းပြခဲ့သူလည်း ဖြစ်ပါတယ်။















