ဥရုဂွေးတိုက်စစ်မှူးဟောင်း ဒီယေဂိုဖော်လန်ဟာ ဥရုဂွေးလက်ရွေးစင်အသင်းရဲ့ ယာယီနည်းပြအဖြစ် ခန့်အပ်ခံခဲ့ရကြောင်း သိရပါတယ်။
ဥရုဂွေးအသင်းရဲ့နည်းပြ ဘီယဲလ်ဆာက ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အုပ်စုအဆင့်က ထွက်ခဲ့ရပြီးနောက် ရာထူးက နုတ်ထွက်သွားတဲ့အတွက် ဖော်လန်ကို အစားထိုးခန့်အပ်ခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်။
ဖော်လန်က ဥရုဂွေးလက်ရွေးစင်အသင်းနဲ့ ဥရုဂွေးယူ-၂၀ အသင်းကို ပူးတွဲကိုင်တွယ်သွားရမှာဖြစ်ပြီး လက်ရွေးစင်အသင်းကို ၂၀၂၇ မတ်လအထိ ကိုင်တွယ်သွားရမယ်လို့ သိရပါတယ်။
အဲဒီကာလအတွင်း ဖော်လန်ရဲ့ စွမ်းဆောင်ရည်ကို ဥရုဂွေးဘောလုံးအဖွဲ့ချုပ်က ကျေနပ်သဘောကျခဲ့မယ်ဆိုရင် လက်ရွေးစင်နည်းပြအဖြစ် တရားဝင်ခန့်အပ်ဖို့ ရည်ရွယ်ထားပြီး စွမ်းဆောင်ရည်ကို သဘောမကျဘူးဆိုရင်တော့ ၂၀၂၇ မတ်လနောက်ပိုင်းမှာ ဥရုဂွေးယူ-၂၀ အသင်းကိုသာ ကိုင်တွယ်သွားရမှာဖြစ်ကြောင်း သိရပါတယ်။
ဖော်လန်(၄၇ နှစ်)ဟာ ကစားသမားဘဝမှာ မန်ယူ ဗီလာရီးယဲလ်၊ အက်သလက်တီကို၊ အင်တာမီလန် စတဲ့အသင်းတွေမှာ ကစားခဲ့ဖူးသူဖြစ်ပြီး ၂၀၁၉ ခုနှစ်မှာ နည်းပြလောကထဲ ဝင်ရောက်ခဲ့တာပါ။
ဖော်လန်က ဥရုဂွေးကလပ်တွေဖြစ်တဲ့ ပင်နဲရိုးနဲ့ အာတေနက်စ်အသင်းတွေကို ကိုင်တွယ်ခဲ့ဖူးပြီး ၂၀၂၁ နောက်ပိုင်းမှာတော့ အသင်းလက်မဲ့ဖြစ်နေခဲ့ကြောင်း သိရပါတယ်။















