■ အချုပ်အခြာအာဏာပိုင် နိုင်ငံတစ်နိုင်ငံ၏ အခွင့်အရေးဖြစ်သည့် အမျိုးသားအကျိုးစီးပွား ကို ရှေးရှုကာ ပိုမိုလက်တွေ့ကျပြီး မျှတသည့်နည်းလမ်းများနှင့် ပြန်လည်ညှိနှိုင်းဆောင်ရွက်ရန် လိုအပ်နေပြီဖြစ်ကြောင်း အဆိုရှင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာနန္ဒာလှမြင့် ပြောကြား
အာဆီယံထုတ်ပြန်ချက် (၅)ရပ်သည် နိုင်ငံတစ်နိုင်ငံ၏ ပြည်တွင်းရေးကို စွက်ဖက်ခြင်း မပြုရန်ဟူသော အာဆီယံ၏ အခြေခံမူများနှင့် ကွဲလွဲနေသည့်အပြင် မြန်မာနိုင်ငံ၏ လက်ရှိပကတိနိုင်ငံရေးအခြေအနေနှင့် ကိုက်ညီမှုမရှိသည့်အတွက် လိုအပ်သကဲ့သို့ သုံးသပ်ဆောင်ရွက်ပေးနိုင်ပါရန် ပြည်ထောင်စုအစိုးရအား တိုက်တွန်းကြောင်းအဆိုကို ကလောမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာနန္ဒာလှမြင့် က တင်သွင်းခဲ့သည်။
ယနေ့(ဇွန် ၂၆ ရက်)တွင် ကျင်းပသည့် တတိယအကြိမ် ပြည်ထောင်စုလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး စတုတ္ထနေ့တွင် အာဆီယံထုတ်ပြန်ချက် (၅) ရပ် (ASEAN Five-Point Statement) သည် အာဆီယံအဖွဲ့ အတွင်း မြန်မာနိုင်ငံ၏ တန်းတူရည်တူရှိမှုကို ထိခိုက်စေပြီး နိုင်ငံတစ်နိုင်ငံ၏ ပြည်တွင်းရေးကို စွက်ဖက်ခြင်း မပြုရန်ဟူသော အာဆီယံ၏ အခြေခံမူများနှင့် ကွဲလွဲနေသည့်အပြင် မြန်မာနိုင်ငံ၏ လက်ရှိပကတိနိုင်ငံရေးအခြေအနေနှင့် ကိုက်ညီမှုမရှိသည့်အတွက် လိုအပ် သကဲ့သို့ သုံးသပ်ဆောင်ရွက်ပေးနိုင်ပါရန် ပြည်ထောင်စုအစိုးရအား တိုက်တွန်းကြောင်း အဆိုကို ကလောမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာနန္ဒာလှမြင့် က တင်သွင်းခဲ့ခြင်း ဖြစ်သည်။
“ ကျွန်တော်တင်သွင်းသွားမယ့် အဆိုကတော့ အာဆီယံထုတ်ပြန်ချက် (၅)ရပ် (ASEAN Five-Point Statement) သည် အာဆီယံအဖွဲ့အတွင်း မြန်မာနိုင်ငံ၏ တန်းတူရည်တူရှိမှုကို ထိခိုက်စေပြီး နိုင်ငံတစ်နိုင်ငံ၏ ပြည်တွင်းရေးကို စွက်ဖက်ခြင်း မပြုရန်ဟူသော အာဆီယံ၏ အခြေခံမူများနှင့် ကွဲလွဲနေ သည့်အပြင် မြန်မာနိုင်ငံ၏ လက်ရှိပကတိနိုင်ငံရေးအခြေအနေနှင့် ကိုက်ညီမှုမရှိသည့် အတွက် လိုအပ်သကဲ့သို့ သုံးသပ်ဆောင်ရွက်ပေးနိုင်ပါရန် ပြည်ထောင်စုအစိုးရအား တိုက်တွန်းကြောင်း ဖြစ်ပါတယ်” ဟု ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာနန္ဒာလှမြင့် က ပြောကြားသည်။
မိမိတို့ မြန်မာနိုင်ငံသည် ၁၉၉၇ ခုနှစ်၊ ဇူလိုင် ၂၃ ရက်ကစပြီး အရှေ့တောင်အာရှနိုင်ငံများအသင်း(အာဆီယံ)၏ အဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံအဖြစ် ဝင်ရောက်ခဲ့ကြောင်း၊ ၂၀၀၇ ခုနှစ်က စင်ကာပူနိုင်ငံ၌ အာဆီယံအဖွဲ့ထူထောင်သည့် နှစ်(၄၀)ပြည့် အခမ်းအနားတွင် အာဆီယံအဖွဲ့ဝင်နိုင်ငံအကြီးအကဲများ၊ အစိုးရအဖွဲ့အကြီးအကဲများ တွေ့ဆုံကာ သဘောတူလက်မှတ်ရေးထိုးခဲ့ကြသည့် အာဆီယံပဋိညာဉ်စာတမ်း (ASEAN Charter)ကိုလည်း မိမိတို့နိုင်ငံက ပါဝင်လက်မှတ်ရေးထိုးခဲ့ပြီး ယနေ့ထက်တိုင် တာဝန်သိသည့် အဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံအဖြစ် ဒေသတွင်းငြိမ်းချမ်းရေး၊ တည်ငြိမ်ရေး၊ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးတို့အတွက် ယင်းပဋိညာဉ်စာတမ်းပါ အခြေခံမူများအတိုင်း တက်ကြွစွာ အလေးထား လိုက်နာဆောင်ရွက်လျက်ရှိကြောင်း ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာနန္ဒာလှမြင့် က ပြောကြားသည်။
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာနန္ဒာလှမြင့် က “ အာဆီယံပဋိညာဉ်စာတမ်း၏ ရည်ရွယ်ချက်များကို အကောင်အထည်ဖော်ရာတွင် အာဆီယံနှင့် အဖွဲ့ဝင်နိုင်ငံများအနေဖြင့် အာဆီယံ၏ကြေညာစာတမ်းများ၊ သဘောတူ စာချုပ်များ၊ ကွန်ဗင်းရှင်းများ၊ သဘောတူညီချက်များနှင့် အခြားစာချုပ် စာတမ်းများပါ အခြေခံမူများကို လိုက်နာရမည်ဖြစ်ကြောင်း ထပ်လောင်းအတည်ပြု၍ သဘောတူညီ ထားတာကို တွေ့ရပါတယ်” ဟု ပြောကြားသည်။
၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲ မဲမသမာမှုများကြောင့် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလမှာ အရေးပေါ်ကာလဆိုင်ရာ ပြဋ္ဌာန်းချက်များအရ နိုင်ငံတော်တစ်ဝန်းလုံးကို အရေးပေါ် အခြေအနေကြေညာခဲ့ပြီး နိုင်ငံတော်၏ အာဏာ (၃) ရပ်ကို ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) နှင့်အညီ တပ်မတော်က တာဝန်ယူထိန်းသိမ်းခဲ့ပါကြောင်း ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာနန္ဒာလှမြင့် က ပြောကြားသည်။
“ မြန်မာ့အရေးနှင့်ပတ်သက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက အမျိုးသားနိုင်ငံရေးကို ရှေးရှုကာ နိုင်ငံ့ တာဝန်ကို ဦးဆောင်စဉ်ကာလမှာ UN အစည်းအဝေး၌ ကမ္ဘာ့နိုင်ငံအများစုဟာ မြန်မာနိုင်ငံ အပေါ် အရေးယူပိတ်ဆို့မှုများ လုပ်ဆောင်ခဲ့သလို အာဆီယံအသိုင်းအဝိုင်းကလည်း ထိုနည်းတူစွာ မြန်မာနိုင်ငံအား ဖိအားပေးမှုများ ဆောင်ရွက်ခဲ့ပါတယ်။ အာဆီယံသည် ဒေသတွင်း နိုင်ငံများအချင်းချင်း နိုင်ငံရေး၊ လုံခြုံရေး၊ စီးပွားရေး၊ လူမှုရေးနှင့် ယဉ်ကျေးမှု ကဏ္ဍများ၌ အစဉ်အလာကောင်းများ ချမှတ်ကာ ထိန်းသိမ်းဖော်ဆောင်လျက်ရှိတဲ့အတွက် တစ်ကမ္ဘာလုံးက လေးစားဂုဏ်ယူရတဲ့ အဖွဲ့အစည်းဖြစ်ပါတယ်။ ဒါပေမယ့် အာဆီယံ အနေနဲ့ ဒေသတွင်းမဟာဗျူဟာအရ အားပြိုင်မှုများ ပိုမိုဖြစ်ပွားလာချိန်တွင် ကွဲပြားမှုများ ရှိသော်လည်း စည်းလုံးညီညွတ်မှု စိတ်ဓာတ်ဖြင့် ဘုံတန်ဖိုးထားမှုအပေါ် အလေးထား ဆောင်ရွက်ခဲ့တဲ့ အာဆီယံရဲ့ အစဉ်အလာကောင်းတွေကို မျက်ကွယ်ပြုကာ မြန်မာနိုင်ငံပေါ် ဖိအားပေးမှုများ ပြုလုပ်လျက်ရှိပါတယ်” ဟု ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာနန္ဒာလှမြင့် က ပြောကြားသည်။
အာဆီယံက ၂၀၂၁ ခုနှစ်၊ ဧပြီလ ၂၄ ရက်တွင် အင်ဒိုနီးရှားနိုင်ငံ၊ ဂျကာတာမြို့၌ ပြုလုပ်ခဲ့သည့် အာဆီယံခေါင်းဆောင်များအစည်းအဝေး (ASEAN Leaders' Meeting)အပြီးတွင် အာဆီယံတူညီဆန္ဒ(၅)ချက်ဟုဆိုသည့် အာဆီယံထုတ်ပြန်ချက်(၅)ရပ်ကို အာဆီယံဥက္ကဋ္ဌ၏ ထုတ်ပြန်ချက် (Chairman's Statement) နောက်ဆက်တွဲအနေနှင့် ထုတ်ပြန်ခဲ့ပြီး အဆိုပါထုတ်ပြန်ချက်(၅)ချက်သည် (က) အကြမ်းဖက်မှုများ ချက်ချင်းရပ်တန့်ရန် (Immediate Cessation of Violence) မြန်မာနိုင်ငံ၌ အကြမ်းဖက်မှုများ ချက်ချင်းရပ်တန့်ရန်နှင့် သက်ဆိုင်သူများ အားလုံးအနေဖြင့် အတတ်နိုင်ဆုံး ထိန်းထိန်းသိမ်းသိမ်းဆောင်ရွက်ကြရန်၊ (ခ) အပြုသဘောဆောင်သော ဆွေးနွေးညှိနှိုင်းမှု (Constructive Dialogue) ပြည်သူများ၏အကျိုးစီးပွားအတွက် ငြိမ်းချမ်းသောအဖြေရရှိရန် သက်ဆိုင်သူ အားလုံးအကြား အပြုသဘောဆောင်သည့်ဆွေးနွေးမှုများ ပြုလုပ်ရန်၊ (ဂ) ASEAN အထူးကိုယ်စားလှယ်၏ အကူအညီဖြင့် ဆောင်ရွက်ခြင်း (Special Envoy Facilitation) အာဆီယံအတွင်းရေးမှူးချုပ်၏ ပံ့ပိုးမှုဖြင့် အာဆီယံဥက္ကဋ္ဌ၏ အထူးကိုယ်စားလှယ်သည် ဆွေးနွေးမှုလုပ်ငန်းစဉ်များ၌ ကြားဝင်ဖြန်ဖြေဆောင်ရွက်ရန်၊ (ဃ) လူသားချင်းစာနာမှု အကူအညီ (Humanitarian Assistance) အာဆီယံသည် အာဆီယံလူသားချင်းစာနာမှုအကူအညီပေးရေး ညှိနှိုင်းမှု ဗဟိုဌာန (ASEAN Coordinating Centre for Humanitarian Assistance on Disaster Management - AHA Centre) မှတစ်ဆင့် အကူအညီများ ပေးအပ်ရန်၊ (င) အာဆီယံဥက္ကဋ္ဌ၏ အထူးကိုယ်စားလှယ် မြန်မာနိုင်ငံသို့ လာရောက် တွေ့ဆုံခြင်း (Envoy Visit) အာဆီယံဥက္ကဋ္ဌ၏ အထူးကိုယ်စားလှယ်နှင့်အဖွဲ့သည် သက်ဆိုင်သူများ အားလုံးနှင့် တွေ့ဆုံရန်အတွက် မြန်မာနိုင်ငံသို့ သွားရောက်ရန် ဆိုသည့်အချက်များသာ ဖြစ်ကြောင်း ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာနန္ဒာလှမြင့် က ပြောကြားသည်။
“ ပထမဆုံးတင်ပြချင်တာကတော့ ဒီအချက်ငါးချက်ဟာ တူညီဆန္ဒ(၅)ချက်လို့ ဥက္ကဋ္ဌရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားသော်လည်း အာဆီယံအဖွဲ့ဝင်နိုင်ငံအားလုံးကို မူကြမ်း ကြိုတင်ချပြပြီး သဘောတူညီချက်ရယူပြီးမှ ထုတ်ပြန်ခဲ့တဲ့ အာဆီယံရဲ့ထုတ်ပြန်ချက် မဟုတ်ဘဲ အာဆီယံဥက္ကဋ္ဌရဲ့ ထုတ်ပြန်ချက်ရဲ့နောက်ဆက်တွဲအနေနဲ့ ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။ မြန်မာနိုင်ငံအနေနဲ့လည်း အဲဒီထုတ်ပြန်ချက်အပေါ်မှာ မိမိနိုင်ငံရဲ့ နိုင်ငံရေး ယဉ်ကျေးမှု၊ အာဆီယံရဲ့မူဘောင်များနဲ့အညီသာ ဆောင်ရွက်သွားမယ်လို့ အသိပေးတုံ့ပြန်ခဲ့တာ တွေ့ရပါတယ်” ဟု ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာနန္ဒာလှမြင့် က ပြောကြားသည်။
အာဆီယံထုတ်ပြန်ချက် (၅) ရပ်သည် မြန်မာနိုင်ငံ၏ လက်နက်ကိုင်ပဋိပက္ခများကို ဖြေရှင်းပေးရန်နှင့် ပြည်တွင်းငြိမ်းချမ်းရေး ရရှိစေဖို့ဆိုသည့် ကောင်းမွန်သည့် ရည်ရွယ်ချက်များနှင့် အကြံပြုခဲ့ခြင်းဟု ထင်မြင်ယူဆနိုင်သော်လည်း အာဆီယံနိုင်ငံအချင်းချင်း ရိုးသားမှုကို အခြေခံပြီး ကူညီရိုင်းပင်းလိုစိတ်နှင့် ချဉ်းကပ်လာမှုမျိုးမဟုတ်ဘဲ အာဆီယံ၏ ပဋိညာဉ်စာတမ်းပါ အခြေခံမူများနှင့် ၁၉၇၆ ခုနှစ်၌ လက်မှတ်ရေးထိုးခဲ့သည့် အရှေ့တောင်အာရှချစ်ကြည်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးစာချုပ် (Treaty on Amity and Cooperation in South East Asia-TAC)ပါ အခြေခံမူများဖြစ်သည့် နိုင်ငံအားလုံး၏ လွတ်လပ်မှု၊ အချုပ်အခြာအာဏာပိုင်မှု၊ တန်းတူရည်တူရှိမှု၊ ပိုင်နက်နယ်မြေနှင့် အမျိုးသားရေးလက္ခဏာများကို အပြန်အလှန်လေးစားရမည်၊ နိုင်ငံတိုင်းသည် ပြင်ပမှစွက်ဖက်မှု၊ အဖျက်အမှောက်ပြုလုပ်မှုနှင့် အကြပ်ကိုင်ဖိအားပေးမှု များကင်းရှင်းလျက် မိမိနိုင်ငံ၏ဖြစ်တည်မှုကို ဦးဆောင်နိုင်ခွင့်ရှိရမည်၊ နိုင်ငံတစ်နိုင်ငံ၏ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်ခြင်း မပြုရဆိုသည့် အချက်များနှင့် ကိုက်ညီမှုမရှိဘဲ အာဆီယံ၏ အခြေခံမူများနှင့် သွေဖည်နေခြင်းကို တွေ့ရပါကြောင်း ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာနန္ဒာလှမြင့် က ပြောကြားသည်။
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာနန္ဒာလှမြင့် က “ ယခုအချိန်အခါဟာ မြန်မာနိုင်ငံအနေနဲ့ ဖွဲ့စည်းပုံအခြေခံ ဥပဒေ(၂၀၀၈ ခုနှစ်) နှင့်အညီ ရွေးကောက်ပွဲကျင်းပပြီး ဖွဲ့စည်းထားသည့် ရွေးကောက်ခံ ပြည်သူ့အစိုးရတစ်ရပ် ပေါ်ထွန်းလာပြီးဖြစ်ပြီး အာဆီယံထုတ်ပြန်ချက် (၅)ရပ်(ASEAN Five-Point Statement) ဆိုတာဟာ နိုင်ငံတော်ရဲ့လက်ရှိပကတိအခြေအနေနဲ့ နှိုင်းယှဉ် ကြည့်လျှင် ကိုက်ညီမှုမရှိတာကို တွေ့မြင်ရမှာဖြစ်ပါတယ်။ အာဆီယံဟာ အာဆီယံ ထုတ်ပြန်ချက် (၅) ရပ်ကို အကောင်အထည်ဖော်ရာမှာ အနောက်နိုင်ငံအချို့ရဲ့ ဖိအားပေး လမ်းညွှန်မှုများအတိုင်း ဆောင်ရွက်နေရတာဖြစ်လို့ အာဆီယံ၏ အချက်အချာကျမှု (ASEAN Centrality) အားနည်းသွားပြီး အာဆီယံပဋိညာဉ်စာတမ်းကို လိုသလိုပုံဖော် အသုံးချနေတာကို တွေ့ရှိရပါတယ်။ ဒါကြောင့် အာဆီယံထုတ်ပြန်ချက် (၅) ရပ်အပေါ် ပြန်လည်သုံးသပ်မှုများ ပြုလုပ်သွားရန် လိုအပ်ပါကြောင်း တင်ပြလိုပါတယ်”ဟု ပြောကြားသည်။
ဒေသတွင်း ငြိမ်းချမ်းရေး၊ လုံခြုံရေး၊ သာယာဝပြောစေရေးတို့ကို တိုးတက်စေရေး သန္နိဌာန်ချမှတ်ပြီး အာဆီယံပဋိညာဉ်စာတမ်းပါ နိုင်ငံတစ်နိုင်ငံ၏ လွတ်လပ်မှု၊ အချုပ်အခြာ အာဏာပိုင်ဆိုင်မှု၊ တန်းတူရည်တူရှိမှု၊ နယ်မြေတည်တံ့ခိုင်မြဲမှုနှင့် အမျိုးသားရေး လက္ခဏာများကို လေးစားလိုက်နာကြရန်၊ စုပေါင်းတာဝန်ယူကြရန်နှင့် အာဆီယံအဖွဲ့ဝင် နိုင်ငံများ၏ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်ခြင်းမပြုရန် ပြဋ္ဌာန်းထားသော်လည်း အာဆီယံနိုင်ငံအချို့က မြန်မာအစိုးရကို အသိအမှတ်မပြုလိုခြင်းကို တွေ့ရကြောင်း ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာနန္ဒာလှမြင့် က ပြောကြားသည်။
“ ဒါ့အပြင် အာဆီယံအစည်းအဝေးတွေမှာလည်း တာဝန်ရှိတဲ့ အစိုးရအဖွဲ့ အကြီးအကဲတွေကို ဖိတ်ကြားခြင်းမရှိဘဲ တက်ရောက်ခွင့်ပိတ်ပင်ထားခြင်းဟာ အာဆီယံ ပဋိညာဉ်စာတမ်းပါ အခြေခံမူတစ်ခုဖြစ်တဲ့ အခန်း(၁)၊ အပိုဒ်(၂)ပါ အပိုဒ်ခွဲ(၂-စ) ပြင်ပမှ ဝင်ရောက်စွက်ဖက်မှု၊ ဖျက်လိုဖျက်ဆီးပြုမှုနှင့် ဖိအားပေးမှုများ ကင်းရှင်းစွာဖြင့် အမျိုးသားရေးတည်ရှိမှုဆိုင်ရာ အဖွဲ့ဝင်နိုင်ငံတိုင်း၏အခွင့်အရေးကို လေးစားခြင်း ဆိုတဲ့အချက်နဲ့ အာဆီယံပဋိညာဉ်စာတမ်း အခန်း(၃)၊ အပိုဒ်(၅)ပါ အခွင့်အရေးနှင့် တာဝန်များနဲ့ပတ်သက်လို့ အဖွဲ့ဝင်နိုင်ငံများသည် ဤပဋိညာဉ်စာတမ်းအရ တူညီသည့် အခွင့်အရေးနှင့် တာဝန်များရှိရပါမည်၊ ဆိုတဲ့အချက်တွေကို ချိုးဖောက်ပြီး၊ မြန်မာနိုင်ငံအပေါ် ဖိအားပေးခြင်း၊ တန်းတူရည်တူ အခွင့်အရေးမပေးခြင်းစတဲ့ ပဋိညာဉ်စာတမ်းနဲ့ မကိုက်ညီတဲ့ လုပ်ဆောင်နေမှုများကို တွေ့ရှိရပါတယ်” ဟု ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာနန္ဒာလှမြင့် က ပြောကြားသည်။
ထို့အပြင် ယခင်နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အစိုးရကာလကလည်း အာဆီယံ ထုတ်ပြန်ချက်(၅)ရပ်ကို အကောင်အထည်ဖော်ဆောင်ရွက်ရန် အာဆီယံအဖွဲ့ဝင်နိုင်ငံ အချို့က ဖိအားပေးတောင်းဆိုမှုများရှိခဲ့ပါကြောင်း၊ ယင်းအချိန်ကာလ၌ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီက မိမိနိုင်ငံ၏ အမျိုးသားအကျိုးစီးပွါးနှင့် အချုပ်အခြာအာဏာကို မထိခိုက်စေဘဲ ပူးပေါင်းဆောင်ရွက်နေကြောင်းနှင့် နိုင်ငံတစ်နိုင်ငံ၏ပြည်တွင်းရေးကို သက်ဆိုင်ရာနိုင်ငံ၏ သဘောဆန္ဒမပါဝင်ဘဲ ဆုံးဖြတ်ခွင့်၊ စွက်ဖက်ခွင့် အာဆီယံ၌ မရှိကြောင်း တုံ့ပြန်ပြောကြားခဲ့ခြင်းကိုလည်း တွေ့မြင်ရပါကြောင်း ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာနန္ဒာလှမြင့် က ပြောကြားသည်။
“ အာဆီယံက တစ်ဖက်သတ်ထုတ်ပြန်ထားတဲ့ အာဆီယံထုတ်ပြန်ချက် (၅)ရပ် (ASEAN Five-Point Statement) ကို အကောင်အထည်ဖော်ရာမှာ မြန်မာနိုင်ငံရဲ့ အမျိုးသားအကျိုးစီးပွား၊ အချုပ်အခြာအာဏာနဲ့ လက်တွေ့မြေပြင်ရဲ့ ပကတိအခြေအနေများကို အလေးထားစဉ်းစားဆောင်ရွက်ရန်နဲ့ အာဆီယံနဲ့ဆက်ဆံရာတွင်လည်း မိမိနိုင်ငံရဲ့ အမျိုးသားအကျိုးစီးပွားကို ဦးထိပ်ပန်ဆင်ပြီး ဒေသတွင်းပူးပေါင်းဆောင်ရွက်မှုများ ပိုမို တိုးမြှင့်လုပ်ဆောင်နိုင်ရန် အရေးကြီးပါတယ်။ ဒါ့အပြင် လူသားချင်းစာနာမှုအကူအညီများ၊ ယုံကြည်မှုတည်ဆောက်ရေးဆောင်ရွက်မှုများနှင့် အပြန်အလှန်ဆွေးနွေးပွဲများကို တိုးမြှင့်ဆောင်ရွက်ခြင်းဖြင့် ဒေသတွင်းတည်ငြိမ်ရေးနှင့် ငြိမ်းချမ်းရေးကို အထောက်အကူ ပြုနိုင်မယ်လို့ ယုံကြည်မိပါတယ်။ အချုပ်အခြာအာဏာပိုင် နိုင်ငံတစ်နိုင်ငံရဲ့ အခွင့်အရေး ဖြစ်တဲ့ အမျိုးသားအကျိုးစီးပွား (National Interest) ကို ရှေးရှုကာ ပိုမိုလက်တွေ့ကျပြီး မျှတတဲ့နည်းလမ်းများနဲ့ ပြန်လည်ညှိနှိုင်းဆောင်ရွက်ရန် လိုအပ်နေပြီဖြစ်ပါတယ်” ဟု ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာနန္ဒာလှမြင့် က ပြောကြားသည်။
ထို့ကြောင့် အာဆီယံထုတ်ပြန်ချက် (၅) ရပ် (ASEAN Five-Point Statement) သည် အာဆီယံအဖွဲ့အတွင်း မြန်မာနိုင်ငံ၏ တန်းတူရည်တူရှိမှုကို ထိခိုက်စေပြီး နိုင်ငံတစ်နိုင်ငံ၏ ပြည်တွင်းရေးကို စွက်ဖက်ခြင်းမပြုရန်ဟူသော အာဆီယံ၏ အခြေခံမူများနှင့် ကွဲလွဲနေသည့်အပြင် မြန်မာနိုင်ငံ၏ လက်ရှိပကတိနိုင်ငံရေးအခြေအနေနှင့် ကိုက်ညီမှုမရှိသည့်အတွက် လိုအပ် သကဲ့သို့ သုံးသပ်ဆောင်ရွက်ပေးနိုင်ပါရန် ပြည်ထောင်စုအစိုးရအား တိုက်တွန်းကြောင်း အဆိုကို ပြည်ထောင်စုလွှတ်တော်နာယကကြီးမှတစ်ဆင့် လေးစားစွာဖြင့် တင်သွင်းအပ်ပါသည်ဟု ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာနန္ဒာလှမြင့် က ပြောကြားသည်။
အထက်ပါ အဆိုနှင့်ပတ်သက်၍ ပင်လောင်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်နန်းရီရီဝင်း က ထောက်ခံဆွေးနွေးခဲ့သည်။
အဆိုနှင့်ပတ်သက်၍ လက်ခံဆွေးနွေးရန် သင့်၊ မသင့် ပြည်ထောင်စုလွှတ်တော်၏ အဆုံးအဖြတ်ကို ရယူရာတွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူပေါင်း ၅၅၁ ဦးတွင် ထောက်ခံဆန္ဒမဲပေါင်း ၅၁၈ မဲ၊ ကြားနေမဲ ၁၀ မဲ၊ ကန့်ကွက်ဆန္ဒမဲ ၅ မဲ ရရှိခဲ့ပြီး အဆိုကို လက်ခံဆွေးနွေးရန် အတည်ပြုကြောင်း ပြည်ထောင်စုလွှတ်တော်နာယက ဦးအောင်လင်းဒွေး က ကြေညာခဲ့သည်။















