■ မြန်မာ-အိန္ဒိယ ကုန်သွယ်မှုပမာဏသည် တစ်နှစ်လျှင် အမေရိကန်ဒေါ်လာနှစ်ဘီလျံရှိပြီး ပထမအဆင့်အနေဖြင့် သုံးဘီလျံနှင့် ဒုတိယအဆင့်အနေဖြင့် ငါးဘီလျံအထိရောက်ရှိအောင် တိုးချဲ့မည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတ ပြောကြား

■ မြန်မာ-အိန္ဒိယ ကုန်သွယ်မှုပမာဏသည် တစ်နှစ်လျှင် အမေရိကန်ဒေါ်လာနှစ်ဘီလျံရှိပြီး ပထမအဆင့်အနေဖြင့် သုံးဘီလျံနှင့် ဒုတိယအဆင့်အနေဖြင့် ငါးဘီလျံအထိရောက်ရှိအောင် တိုးချဲ့မည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတ ပြောကြား
Published 5 June 2026

မြန်မာ-အိန္ဒိယ ကုန်သွယ်မှုပမာဏသည် တစ်နှစ်လျှင် အမေရိကန်ဒေါ်လာ နှစ်ဘီလျံရှိပြီး ပထမအဆင့်အနေဖြင့် သုံးဘီလျံနှင့် ဒုတိယအဆင့်အနေဖြင့် ငါးဘီလျံအထိရောက်ရှိအောင် တိုးချဲ့မည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ပြောကြားသည်။

နိုင်ငံတော်သမ္မတဦးမင်းအောင်လှိုင်က အိန္ဒိယဝန်ကြီးချုပ်နှင့်ဆွေးနွေးခဲ့သည့် အကြောင်းအရာများသည် များစွာရှိကြောင်း၊ ခရီးစဉ်လာရသည့် ရည်ရွယ်ချက်သည်။ နှစ်နိုင်ငံစီးပွားရေး ပူးပေါင်းဆောင်ရွက်မှုနှင့် ကုန်သွယ်မှုမြှင့်တင်ရေးကိစ္စများပါဝင်ပြီး ယင်းကိစ္စရပ်များကို ဆွေးနွေးဖြစ်ကြောင်း၊ ထို့ပြင် အိန္ဒိယနိုင်ငံက မြန်မာနိုင်ငံတွင် လာရောက်ရင်းနှီးမြှုပ်နှံနိုင်သည့် အခွင့်အလမ်းများ၊ အိန္ဒိယနိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုများနှင့်ပတ်သက်ပြီး မိမိတို့နှင့်သင့်တော်သည့်အရာများကို ရယူနိုင်ရန်အတွက် ဆွေးနွေးနိုင်ခဲ့ကြောင်း၊ ပညာရေးကဏ္ဍ၊ ကျန်းမာရေးကဏ္ဍ၊ ကာကွယ်ရေးကဏ္ဍ၊ ရေကြောင်းလုံခြုံရေးဆိုင်ရာကိစ္စရပ်များ၊ နယ်နိမိတ်ဆိုင်ရာကိစ္စရပ်များ၊ စိုက်ပျိုးရေးလုပ်ငန်း၊ မွေးမြူရေးလုပ်ငန်း စသည်ဖြင့် ကဏ္ဍပေါင်းစုံ ဆွေးနွေးနိုင်ခဲ့ကြောင်း၊ နှစ်နာရီ ကျော်ခန့် တွေ့ဆုံဆွေးနွေးမှုလုပ်နိုင်ခဲ့ပြီး အောင်မြင်သည့် ရလဒ်တစ်ခုကိုရရှိခဲ့ကြောင်း ပြောကြားသည်။

“အိန္ဒိယဟာ မြန်မာနိုင်ငံအတွက် ကြီးမားတဲ့ကုန်သွယ်ဖက်နိုင်ငံဖြစ်ပါတယ်။ နှစ်စဉ်ကုန်သွယ်မှု  နှစ်ဘီလျံကျော် လောက်ရှိပါတယ်။ မြန်မာနိုင်ငံက ပို့ကုန်ပိုများပါတယ်။ အိန္ဒိယကသွင်းကုန်တော့နည်းပါတယ်။ ကျွန်တော်က အိန္ဒိယသွင်းကုန်တွေ ဘယ်လိုဆောင်ရွက်ပေးနိုင်မလဲဆိုတာကို ကျွန်တော်တို့က ရှင်းပြတာပါ။ ဥပမာအားဖြင့် သံနဲ့သံမဏိပစ္စည်းတွေရှိတယ်၊ ဆေးဝါးတွေရှိတယ်၊ အထည်လုပ်ငန်းတွေရှိတယ်။ ကျွန်တော်တို့က မြန်မာနိုင်ငံကို တိုးမြှင့်တင်ပို့နိုင်ဖို့ အိန္ဒိယလုပ်ငန်းရှင်တွေကို ကျွန်တော်တို့က ရှင်းပြတာပါ။ ပြီးရင်ကျွန်တော်တို့ မြန်မာနိုင်ငံကိုလာပြီး ရင်းနှီးမြှုပ်နှံပြီးတော့မှ ကုန်ထုတ်လုပ်မှုတွေလုပ်၊ ပြီးလို့ရှိရင် မြန်မာနိုင်ငံက ဈေးကွက်ကိုလည်းရောင်း၊ မြန်မာနိုင်ငံရဲ့ အိမ်နီးနားချင်းတိုင်းပြည်တွေဖြစ်တဲ့ လာအို၊ ကမ္ဘောဒီးယား၊ ဗီယက်နမ်စတဲ့ နိုင်ငံတွေကိုလည်းရောင်း၊ မြန်မာနိုင်ငံဈေးကွက်တစ်ခုတည်း မဟုတ်ဘူး။ မြန်မာနိုင်ငံက လူဦးရေသန်း ၅၀ လောက်ပဲရှိတဲ့ ဈေးကွက်ပါ။ ဒါပေမယ့် ဟိုဘက်နိုင်ငံတွေနဲ့ ပေါင်းလိုက်ရင် လူပေါင်းသန်း ၂၀ဝ နီးပါးလောက် ဈေးကွက်တစ်ခု ထပ်ရလာနိုင်စရာရှိတယ်။ ဒါ့ကြောင့်အဲဒီဈေးကွက်ကိုလည်း ရောင်းနိုင်အောင်ကြိုးစားဖို့ ကျွန်တော်ရှင်းပြတာပါ။ တော်တော်များများကတော့ စိတ်ဝင်စားမှုရှိကြပါတယ်။ အဓိကကတော့ ကုန်သွယ်မှုမြှင့်တင်ရေးပါပဲ။ ခင်ဗျားခုနက အမေရိကန်ဒေါ်လာ နှစ်ဘီလျံရှိတယ်လို့ ပြောတယ်။ ကျွန်တော်တို့က သုံးဘီလျံရအောင် Target ထားပါတယ်။ ဒါက ပထမအဆင့်ပါ။ နောက်တစ်ခါ မကြာတော့တဲ့ကာလမှာ ဒုတိယအဆင့်အဖြစ် ငါးဘီလျံအထိ တိုးချဲ့မှာဖြစ်ပါတယ်။ အဲဒီကနေ ပြီးတော့ ကျွန်တော်တို့ တဖြည်းဖြည်းတိုးချဲ့သွားမှာပါ။ အိန္ဒိယကို မြန်မာနိုင်ငံရဲ့ ပို့ကုန်တွေအများကြီးရှိပါတယ်။ ဥပမာပဲနဲ့ ပတ်သက်တာတွေ ရှိတယ်။ သစ်တောထွက်ပစ္စည်းနဲ့ ပတ်သက်တဲ့ ပို့ကုန်တွေရှိတယ်၊ သတ္တုနဲ့ပတ်သက်တဲ့ ပို့ကုန်တွေရှိတယ်။ အခြားစိုက်ပျိုးမွေးမြူရေးနဲ့ ပတ်သက်တဲ့ ပို့ကုန်ပစ္စည်းတွေလည်း ရှိပါသေးတယ်။ ဥပမာ ရော်ဘာလိုမျိုး၊ ချည်မျှင်ကဏ္ဍဍဆိုရင် ဝါနဲ့ပတ်သက်တဲ့လုပ်ငန်းတွေ ကျွန်တော်တို့ ပူးပေါင်းဆောင်ရွက်လို့ရပါတယ်။ နှစ်ဖက်ပူးပေါင်းဆောင်ရွက်လို့ရတဲ့ ဟာတွေရှိပါတယ်။ လူတွေကတော့ နှစ်ဖက်အကျိုးစီးပွား ဖော်ဆောင်နိုင်မယ်ဆိုရင် စိတ်ဝင်စားမှာပဲ။ ကူးလူးဆက်ဆံမှုဆိုတာ အကျိုးစီးပွားအပေါ်မှာပဲ။ သို့သော် ကျွန်တော်မနေ့က ပြောပြတယ်။ အမြတ်ကို အဓိကမထားဘဲ များများကုန်သွယ်မှုရှိအောင် လုပ်ကြဖို့ပါ။ အမြတ်နည်းနည်းနဲ့ များများရောင်းကြဖို့ပါ” ဟု နိုင်ငံတော်သမ္မတဦးမင်းအောင်လှိုင်က ပြောကြားသည်။ 

ထို့ပြင် မြန်မာနိုင်ငံအနေဖြင့်လည်း အမြတ်နည်းနည်းဖြင့် များများရောင်းရန်ကြိုးစားမည်ဖြစ်ကြောင်း၊ အိန္ဒိယကလည်း အမြတ်အစွန်းနည်းနည်းယူပြီး များများရောင်းရန်လိုအပ်ကြောင်း၊ ကုန်သည်များအနေဖြင့်  အကျိုးအမြတ်တစ်ခုကိုတွက်ကျသော်လည်း ယင်းကိုဦးစားမပေးဘဲ ထိုက်သင့်တဲ့အမြတ်ကိုယူကာ Value ကို မြှင့်တင်ရန်ကဖြစ်ကြောင်းနှင့် ကုန်သွယ်မှုပမာဏများကို မြှင့်တင်ရန်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတက ပြောကြားသည်။

ထို့အတူ အိန္ဒိယနိုင်ငံသည် IT တွင် ထိပ်တန်းနိုင်ငံတစ်ခုဖြစ်သဖြင့် ရတနာပုံဆိုက်ဘာစီးတီးတွင် အိန္ဒိယမှ အိုင်တီပညာနှင့်ပတ်သက်သည့် ကုမ္ပဏီများ၊ လုပ်ငန်းများ လာရောက်လုပ်ကိုင်မည်ဆိုပါက အခွင့်အလမ်းများစွာရှိကြောင်းနှင့် အိန္ဒိယနိုင်ငံက များစွာအထောက်အကူပြုနိုင်မည်ဟု ယုံကြည်ကြောင်း နိုင်ငံတော်သမ္မတက ထည့်သွင်းပြောကြားသည်။ 

Most Read

Most Recent