■ အမေရိကန်က ကျူးဘားသမ္မတ ဒီယက်ဇ် ကာနယ်ကို ပိတ်ဆို့အရေးယူမှုများ ချမှတ်

■ အမေရိကန်က ကျူးဘားသမ္မတ ဒီယက်ဇ် ကာနယ်ကို ပိတ်ဆို့အရေးယူမှုများ ချမှတ်
Published 5 June 2026

အမေရိကန်သည် ကျူးဘားသမ္မတ မီဂွယ် ဒီယက်ဇ် ကာနယ်နှင့် ၎င်းနှင့် ဆက်နွှယ်နေသည့် လူပုဂ္ဂိုလ်အချို့အပြင် အဖွဲ့အစည်းများကို ပိတ်ဆို့အရေးယူမှုများ ချမှတ်လိုက်ကြောင်း အမေရိကန် ဘဏ္ဍာရေးဝန်ကြီးဌာန၏ ဝက်ဘ်ဆိုက်တွင် ဇွန် ၄ ရက်က ဖော်ပြခဲ့သည်။

အဆိုပါ ပိတ်ဆို့အရေးယူမှုများသည် ဒီယက်ဇ် ကာနယ်အပြင် ၎င်း၏ ဇနီးဖြစ်သူ လစ်စ် ကက်စတာ ပီရာဇာ၊ ကက်စထရို မိသားစုဝင် နှစ်ဦးနှင့် တော်လှန်ရေးလက်နက်ကိုင်တပ်ဖွဲ့ ဝန်ကြီးဌာန အပါအဝင် အခြား လူပုဂ္ဂိုလ် လေးဦးနှင့် အဖွဲ့အစည်း ငါးခုကိုလည်း ပစ်မှတ်ထား လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။

ယခု ပိတ်ဆို့အရေးယူမှုများနှင့် ပတ်သက်ပြီး မှတ်ချက်ပေးရန် ရိုက်တာသတင်းဌာန၏ တောင်းဆိုမှုကို ကျူးဘားအစိုးရဘက်က ချက်ချင်း တုံ့ပြန်ပြောကြားခြင်း မရှိသေးပေ။

အသက် ၆၆ နှစ်ရှိပြီဖြစ်သော ဒီယက်ဇ် ကာနယ်သည် ကျူးဘားခေါင်းဆောင်ဟောင်း ဖီဒယ်ကက်စထရို၏ ညီဖြစ်သူ ရာအူးလ်ကက်စထရိုထံမှ ၂၀၁၈ ခုနှစ်တွင် ရာထူးလွှဲပြောင်းရယူခဲ့ပြီးနောက်ပိုင်း အဆိုပါ ကာရစ်ဘီယံနိုင်ငံ၏ သမ္မတအဖြစ် တာဝန်ထမ်းဆောင်လာခဲ့သူ ဖြစ်သည်။

ဇွန် ၄ ရက်က ဒီယက်ဇ် ကာနယ်အပေါ် ချမှတ်လိုက်သည့် အမေရိကန်၏ ပိတ်ဆို့အရေးယူမှုသည် ကျူးဘားနိုင်ငံ၏ ကွန်မြူနစ်ခေါင်းဆောင်များအပေါ် ဖိအားပေးမှုများ ပိုမိုပြင်းထန်လာစေရန် အမေရိကန်ဘက်က လုပ်ဆောင်လိုက်သည့် နောက်ဆုံး လှုပ်ရှားမှုတစ်ခု ဖြစ်သည်။

အမေရိကန်အနေဖြင့် ကျူးဘားနိုင်ငံကို ကောင်းမွန်စွာ လည်ပတ်နိုင်သည့် နိုင်ငံတစ်နိုင်ငံဖြစ်စေချင်ကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က သတင်းထောက်များအား ပြောကြားခဲ့ပြီးနောက် ယခုပိတ်ဆို့အရေးယူမှုများကို ကြေညာခဲ့ခြင်း ဖြစ်သည်။

ကျူးဘားနိုင်ငံခြားရေးဝန်ကြီး ဘရူနို ရိုဒရီဂွက်ဇ်ကမူ ယခုပိတ်ဆို့မှုများသည် စက်ဆုပ်ရွံရှာဖွယ်ကောင်းကြောင်း လူမှုမီဒီယာတွင် တုံ့ပြန်ရေးသားခဲ့ပြီး ယင်းသည် အမေရိကန်၏ ဝင်ရောက်စွက်ဖက်မှုဝါဒ၏ နောက်ဆုံး သာဓကတစ်ခုဖြစ်ကြောင်း ဖော်ပြခဲ့သည်။

“နှစ်နိုင်ငံကြား ပဋိပက္ခဖြစ်ပွားမယ့် အခြေအနေမျိုး ဖန်တီးဖို့ ရည်ရွယ်တဲ့ အမေရိကန်ရဲ့ လုပ်ဆောင်ချက်တိုင်းဟာ ကျရှုံးပါလိမ့်မယ်” ဟု ရိုဒရီဂွက်ဇ်က ပြောကြားခဲ့သည်။

ပြီးခဲ့သည့်လကလည်း အမေရိကန်အစိုးရသည် ကျူးဘားနိုင်ငံ၏ ဆက်သွယ်ရေးဝန်ကြီး၊ စစ်ဘက်ဆိုင်ရာ ခေါင်းဆောင်အများအပြားနှင့် အဓိက ထောက်လှမ်းရေးအေဂျင်စီတို့ အပါအဝင် ကျူးဘားအရာရှိ ၁၁ ဦးကို ပိတ်ဆို့အရေးယူမှုများ ချမှတ်ခဲ့သည်။

ထို့ပြင် ၁၉၉၆ ခုနှစ်က ကျူးဘားတိုက်လေယာဉ်များက ပြည်ပရောက်ကျူးဘားနိုင်ငံသားများ မောင်းနှင်သည့် လေယာဉ်များကို ပစ်ချခဲ့သည့် ဖြစ်စဉ်တွင် ပါဝင်ပတ်သက်မှုရှိသည်ဆိုသည့် စွပ်စွဲချက်ဖြင့် ကျူးဘားသမ္မတဟောင်း ရာအူးလ်ကက်စထရိုကိုလည်း  အမေရိကန်က မေ ၂၀ ရက်တွင် လူသတ်မှုဖြင့် တရားစွဲဆိုခဲ့သည်။

Most Read

Most Recent