မေလ (၂၉) ရက်တွင် စက်သုံးဆီတင်သွင်းသိုလှာင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီက ထုတ်ပြန်သည့် စက်သုံးဆီရည်ညွှန်းဈေးနှုန်းသစ်အရ မွန်ပြည်နယ်၏ စက်သုံးဆီရည်ညွှန်းဈေးမှာ အခြားပြည်နယ်နှင့် တိုင်းဒေသကြီးများထက် ဈေးနှုန်းပိုများနေဆဲဖြစ်ကြောင်း သိရသည်။
စက်သုံးဆီရည်ညွှန်းဈေးအသစ်အရ မွန်ပြည်နယ်၏ ဓါတ်ဆီ 92 Rom တစ်လီတာဈေးနှုန်းမှာ (၄၈၁၀) ကျပ်ဖြစ်ပြီး၊ ရန်ကုန်ထက် (၂၆၀) ကျပ်၊ ဘားအံထက် (၁၅၀) ကျပ်၊ ပဲခူးထက် (၂၄၅) ကျပ်၊ ထားဝယ်ထက် (၇၅) ကျပ် ပိုများကြောင်းနှင့် မွန်ပြည်နယ်၏ ဓါတ်ဆီ (95) Rom တစ်လီတာဈေးနှုန်းမှာ (၄၉၁၅) ကျပ်ဖြစ်ပြီး၊ ရန်ကု်နထက် (၂၉၅) ကျပ်၊ ဘားအံထက် (၁၈၀) ကျပ်၊ ပဲခူးထက် (၂၈၀) ကျပ်၊ ထားဝယ်ထက် (၁၀၅) ကျပ် ပိုများနေကြောင်း သိရသည်။
အလားတူ မွန်ပြည်နယ်၏ ဒီဇယ်ဆီ (ရိုးရိုး) တစ်လီတာဈေးနှုန်းမှာ (၅၁၆၀) ကျပ်ဖြစ်သော်လည်း၊ ရန်ကုန်ထက် (၅၆၅) ကျပ်၊ ဘားအံထက် (၄၆၀) ကျပ်၊ ပဲခူးထက် (၅၅၀) ကျပ်၊ ထားဝယ်ထက် (၃၉၀) ကျပ် ပိုများနေကြောင်းနှင့် မွန်ပြည်နယ်၏ ဒီဇယ်ဆီ (ပရီးမီးယံ) တစ်လီတာဈေးနှုန်းမှာ (၅၈၅၀) ကျပ်ဖြစ်ပြီး၊ ရန်ကု်နထက် (၁၃၀) ကျပ်၊ ဘားအံထက် (၁၈၅) ကျပ်၊ ပဲခူးထက် (၂၈၅) ကျပ်၊ ထားဝယ်ထက် (၁၁၅) ကျပ် ပိုများနေကြောင်း စက်သုံးဆီရည်ညွှန်းဈေးနှုန်း အရ သိရသည်။
"မွန်ပြည်နယ်ရဲ့ စက်သုံးဆီရည်ညွန်းဈေးက အခြားပြည်နယ်နှစ်တိုင်းတွေထက်ကို ပိုများနေတာကို ပြည်နယ်အစိုးရအဖွဲ့ရော၊ လွှတ်တော်ကိုယ်စားလှယ်တွေပါ မသိကြတာလား။ မသိချင်ယောင်ဆောင်နေကြတာလားတော့မသိဘူး။ ပြည်နယ်အစိုးရအဖွဲ့အသစ်ပြောင်းသွားပေမယ့်လည်း စက်သုံးဆီဈေးနှုန်းကို အခြားဒေသတွေထက်မနည်းရင်တောင် တန်းတူးလောင်ဖြစ်အောင် မလုပ်နိုင်ကြသေးဘူး” ဟု မော်လမြိုင်မြို့ခံတစ်ဦးက ပြောသည်။
လာမည့် ပြည်နယ်လွှတ်တာ်အစည်းအဝေးတွင် မွန်ပြည်နယ်အတွင်းစက်သုံးဆီရည်ညွန်းဈေးနှုန်းမှာ အခြားပြည်နယ်နှင့်တိုင်းဒေသကြီးများထက် ဈေးများနေသည်ကို လွှတ်တော်ကိုယ်စားလှယ်များ မေးခွန်းမေးမြန်းတာမျိုး မျှော်လင့်မိကြောင်းလည်း ၎င်းကဆက်လက်ပြောကြားသည်။
မွန်ပြည်နယ်အတွက် စက်သုံးဆီတင်သွင်းနေသည့် Importer များအား ရန်ကုန် သီလဝါဆိပ်ကမ်းတွင် စက်သုံးဆီတင်သွင်းသော Importer များကဲ့သို့ နိုင်ငံတော်က ဒေါ်လာ မရောင်းပေးသည့်အတွက် Importer က ကိုယ်ပိုင်ဒေါ်လာဖြင့် စက်သုံးဆီတင်သွင်းနေရကြောင်း၊ ဒေါ်လာကိုလည်း နိုင်ငံတော်က ရောင်းချပေးသည့် သတ်မှတ်ဈေးနှုန်းဖြင့်ဝယ်ယူခွင့်မရသည့်အတွက် ပြင်ပပေါက်ဈေးနှင့် အနီးစပ်ဆုံးဝယ်ယူနေရသောကြောင့် ရန်ကုန်မှ စက်သုံးဆီရည်ညွန်းဈေးနှုန်နှင့် မွန်ပြည်နယ်မှ စက်သုံးဆီရည်ညွန်းဈေးနှုန်းက ကွာခြားနေတာမျိုးဖြစ်နေကြောင်း မွန်ပြည်နယ်စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးရေးအသင်းထံမှ သိရသည်။
မွန်ပြည်နယ်အတွင်း စက်သုံးဆီတင်သွင်းဖြန့်ဖြူးရောင်းချမှုအား ယခင်မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းလက်ထက်က Myanmar Energy King ကုမ္ပဏီနှင့် Ya Zar Min Industry ကုမ္ပဏီတို့ က တင်ဒါအောင်မြင်ထားသည့်အတွက် လုပ်ကိုင်နေကြခြင်းဖြစ်ကြောင်း နှင့် မုဒုံမြို့နယ် ကတုံးပေါ်ကျေးရွာရှိ Puma International Port Terminal ဆိပ်ကမ်း မှတဆင့် မွန်ပြည်နယ်အတွင်း စက်သုံးဆီ ဖြန့်ဖြူးရောင်းချနေခြင်းဖြစ်ကြောင်း သိရသည်။
သို့သော်လည်း Ya Zar Min Industry ကုမ္ပဏီပိုင်ရှင်ဦးညီညီထွေး (၅၅) နှစ် မှာ စက်သုံးဆီများအား တရားမဝင်မှောင်ခိုင်ရောင်းချမှုများကြောင့် အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှု ဥပဒေအရ သက်ဆိုင်ရာနယ်မြေရဲစခန်းများ၌ အမှုဖွင့်အရေးယူခြင်းခံထားရသည့်အပြင် စက်သုံးဆီလုပ်ငန်းရှင်များဖြစ်ကြသည့် စွမ်းမြန်မာစက်သုံးဆီဆိုင်ပိုင်ရှင်ဖြစ်သူ ဦးစိန်တင် (ခ) ကာဆင် (၆၅) နှစ်၊ မိဘမေတ္တာစက်သုံးဆီဆိုင် ပိုင်ရှင်ဖြစ်သူ ဦးမြင့်ဇော်ဦး (ခ) ဇော်ဦး (၄၃) နှစ်၊ မင်းသန့်စက်သုံးဆီအရောင်းဆိုင်ပိုင်ရှင်ဖြစ်သူ ဦးလှဝင်းခိုင် တို့ကိုလည်း စက်သုံးဆီများ တရားမဝင်မှောင်ခိုရောင်းချသည်ဟုဆိုကာ အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှု ဥပဒေအရ သက်ဆိုင်ရာနယ်မြေရဲစခန်းများ၌ အမှုဖွင့်အရေးယူထားခြင်းခံထားရကြောင်း သိရသည်။
ဘိုဘိုမြင့်















