ရီးယဲလ်အသင်းရဲ့ လက်ရှိဥက္ကဋ္ဌ ဖလော်ရင်တီနိုပီရက်ဇ်က လာမယ့်ဥက္ကဋ္ဌရွေးကောက်ပွဲမှာ အနိုင်ရခဲ့ရင် ဒီနွေရာသီမှာ ယူရိုသန်း(၁၅၀)တန် ကစားသမားသစ် ခေါ်ယူပေးမယ်လို့ ကတိပေးပြောကြားခဲ့ပါတယ်။
ပီရက်ဇ်ဟာ နောက်ဆုံး(၂၆)နှစ်တာကာလအတွင်းမှာ ရီးယဲလ်ဥက္ကဋ္ဌအဖြစ် (၂၃)နှစ်ကြာ တာဝန်ယူခဲ့သူဖြစ်ပြီး သူ့ကို ယှဉ်ပြိုင်ရွေးချယ်ခံမယ့်သူလည်း မရှိခဲ့ပါဘူး။
ဒီနှစ်မှာတော့ လူငယ်စီးပွားရေးလုပ်ငန်းရှင် အန်းနရစ်ရီကွယ်လ်မီးက ယှဉ်ပြိုင်ရွေးချယ်ခံမှာဖြစ်ပြီး ရီးယဲလ်ဥက္ကဋ္ဌရွေးကောက်ပွဲကို လာမယ့်တနင်္ဂနွေနေ့မှာ ပြုလုပ်မှာပါ။
အဲဒီရွေးကောက်ပွဲအတွက် အပြိုင်အဆိုင်မဲဆွယ်စည်းရုံးမှု ပြုလုပ်နေကြရာမှာ အန်းနရစ်ရီကွယ်လ်မီးက သူသာ ဥက္ကဋ္ဌအဖြစ် ရွေးချယ်ခံရရင် မန်စီးတီးတိုက်စစ်မှူး ဟာလန်းနဲ့ ကွင်းလယ်ကစားသမား ရိုဒရီတို့ကို ခေါ်ယူပေးမယ်လို့ ကတိပေးထားပါတယ်။
ဒီလိုပြောကြားမှုကြောင့် မန်စီးတီးအသင်းက ဥပဒေအရ အရေးယူမယ်လို့ သတိပေးခဲ့ကြောင်းလည်း သိရပါတယ်။
ပီရက်ဇ်ကတော့ ကစားသမားရဲ့အမည်ကို ထုတ်ဖော်ပြောကြားခြင်းမပြုဘဲ အနည်းဆုံးယူရိုသန်း(၁၅၀)တန်ကြေးရှိမယ့် အသင်းအတွက် စံချိန်တင်ပြောင်းရွှေ့ကြေးရှင် ဖြစ်လာမယ်လို့ပဲ ပြောကြားခဲ့ပါတယ်။
''အင်္ဂါနေ့မှာ ထိပ်တန်းကစားသမားတစ်ယောက်အတွက် ချန်ပီယံလိဂ်အသင်းတစ်သင်းကို အရေးပါတဲ့ကမ်းလှမ်းမှု ပြုလုပ်သွားမှာပါ။ ဒါက ရီးယဲလ်အသင်းရဲ့သမိုင်းမှာ ကစားသမားတစ်ယောက်အတွက် ငွေကြေးအများဆုံးသုံးစွဲရမှု ဖြစ်လာမှာဖြစ်ပြီး အနည်းဆုံးယူရိုသန်း(၁၅၀)ရှိမှာပါ'' လို့ ပီရက်ဇ်က ပြောကြားခဲ့ပါတယ်။
ကစားသမားရဲ့အမည်ကို မေးမြန်းခဲ့ရာမှာ ပီရက်ဇ်က ''အဲဒါ အိုလီဆေး မဟုတ်ပါဘူး။ သူက ထိပ်တန်းကစားသမားဖြစ်ပေမဲ့ အိုလီဆေး မဟုတ်ပါဘူး။ ဒိုကူ မဟုတ်ပါဘူး။ ဟာလန်း မဟုတ်ပါဘူး။ ဟာရီကိန်း မဟုတ်ပါဘူး။ သူက ကွင်းလယ်မှာကစားတဲ့သူ ဒါမှမဟုတ် တိုက်စစ်မှာ ပိုကစားတဲ့သူပါ။ ပရီးမီးယားလိဂ်ကစားသမားလည်း မဟုတ်ပါဘူး။ ဒါပေမဲ့ အရင်ဆုံး သူ့အသင်းနဲ့ စကားပြောရမှာပါ'' လို့ ပြောကြားခဲ့ပါတယ်။















