အမေရိကန်လက်ရွေးစင်အသင်းနည်းပြ ပိုချက်တီနိုဟာ အေစီမီလန်နည်းပြရာထူးအတွက် ဆွေးနွေးနေကြောင်း သတင်းထွက်လာခဲ့ပါတယ်။
အာဂျင်တီးနားလက်ရွေးစင်ဟောင်း ပိုချက်တီနိုက အမေရိကန်လက်ရွေးစင်အသင်းကို ၂၀၂၄ ခုနှစ်မှာ စတင်ကိုင်တွယ်ခဲ့ပြီး ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲအပြီးအထိသာ စာချုပ်ချုပ်ဆိုထားတာပါ။
အေစီမီလန်အသင်းက ချန်ပီယံလိဂ်ဝင်ခွင့်နဲ့ အံ့အားသင့်ဖွယ် လွဲချော်ခဲ့ရပြီးနောက် နည်းပြ အယ်လီဂရီကို ရာထူးက ထုတ်ပယ်ခဲ့ပြီး လက်ရှိအချိန်မှာ အစားထိုးဖို့ နည်းပြသစ် ရှာဖွေနေပါတယ်။
အေစီမီလန်အသင်းရဲ့ နည်းပြသစ်လျာထားစာရင်းမှာ ပိုချက်တီနိုပါဝင်နေပြီး ကမ္ဘာ့ဖလားပြိုင်ပွဲအပြီးမှာ ခန့်အပ်ဖို့အတွက် ဆွေးနွေးမှုတွေ စတင်ပြုလုပ်နေပြီဖြစ်ကြောင်း သတင်းထွက်လာခဲ့တာပါ။
ဒီအတွက် ပိုချက်တီနိုကို မေးမြန်းခဲ့ရာမှာ အေစီမီလန်အသင်းနဲ့ တွေ့ဆုံခဲ့ခြင်းမရှိကြောင်း ငြင်းဆန်ခဲ့ပေမဲ့ သူ့ကိုယ်စား ဆွေးနွေးမှုတွေ ရှိနိုင်လားဆိုတဲ့ မေးခွန်းကိုတော့ ''ဒါကတော့ ဖြစ်နိုင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ သူတို့အလုပ် သူတို့လုပ်ဖို့ လိုအပ်တာကြောင့်ပါ။ ကျွန်တော့်ကို ကိုယ်စားပြုတဲ့သူတွေက အနာဂတ်မှာ အကောင်းဆုံးဖြစ်ဖို့ ကြိုးစားရှာဖွေနေကြပါတယ်။ ဒါက ပုံမှန်ပါပဲ'' လို့ ပြောကြားခဲ့ပါတယ်။
အမေရိကန်ဘောလုံးအဖွဲ့ချုပ်ရဲ့ အမှုဆောင်ချုပ် ဘတ်ဆန်ကတော့ ပိုချက်တီနိုအနေနဲ့ အမေရိကန်အသင်းနဲ့ ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲအပေါ် အပြည့်အဝအာရုံစိုက်ထားတယ်လို့ ယုံကြည်ကြောင်း ပြောကြားခဲ့ပါတယ်။















