ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရှိ MGI Hall တွင် မေ ၃၀ ရက်က ကျင်းပခဲ့သည့် MGI All Stars 2026 အလှမယ်ပြိုင်ပွဲကြီး၏ Final ယှဉ်ပြိုင်မှုတွင် Winner ဆုကို ကိုလံဘီယာကိုယ်စားပြုအလှမယ် ဗန်နက်ဆာ ပူဂါရင်က ဆွတ်ခူးသွားသည်။
အသက် ၃၄ နှစ်အရွယ် မော်ဒယ်တစ်ဦးဖြစ်သူ ဗန်နက်ဆာသည် ပထမဆုံးအကြိမ် ကျင်းပသည့် အဆိုပါပွဲတွင် ပြိုင်ပွဲဝင် ၅၀ ကျော်ကို ကျော်ဖြတ်ကာ သရဖူကို ဆွတ်ခူးယူသွားခြင်းဖြစ်သည်။
ဂါနာအလှမယ် ဖိတ်မရီယာ ပေါ်တာက first runners-up ဆု ၊ ဗီယက်နမ်အလှမယ် ဟွန်ဂီယန်ငုယင်က second runners-up ဆုတို့ ရရှိခဲ့ပြီး ချက်အလှမယ် မာရီယာနာ ဘက်ကိုဗာနှင့် ဖိလစ်ပိုင်အလှမယ် ဂါဇီနီ ဂါနာဒိုစ့်တို့က Top 5 အထိ ပါလာခဲ့သည်။ Top 18 အလှမယ်များထဲတွင် မြန်မာနိုင်ငံကိုယ်စားပြု သွားရောက်ယှဉ်ပြိုင်သည့် သက်စံအန်ဒါဆင်လည်း ပါဝင်ခဲ့သည်။
ဒိုင်အဖွဲ့တွင် Miss Venezuela အဖွဲ့အစည်း၏ ဥက္ကဋ္ဌဟောင်း အော့စ်မယ်လ်ဆူဆာ ၊ Miss Universe Winner ဆုရှင်ဟောင်းများနှင့် Miss Grand International Winner ဆုရှင်ဟောင်းများ ပါဝင်ကာ အကဲဖြတ်ရွေးချယ်ပေးခဲ့ကြသည်။ယခုပြိုင်ပွဲအသစ်သည် Miss Grand International ပြိုင်ပွဲ၏ ခွဲထွက်ပွဲစဉ် တစ်ခုဖြစ်သည်။
MGI All Stars 2026 သရဖူကို Miss Grand International Winner ဆုရှင်ဟောင်း ဖိလစ်ပိုင်အလှမယ် ခရစ္စတင်း ဂျူလီယန် အိုပီယာဇာ က MGI ဥက္ကဋ္ဌ နာဝပ်၏ရှေ့တွင် လက်ရှိ Winner ဆုရှင်ကို လွှဲပြောင်းပေးခဲ့သည်။
ဗန်နက်ဆာသည် ယခင်က Miss Universe Colombia ရရှိထားသူဖြစ်ပြီး ပြီးခဲ့သည့်နှစ်၊ နိုဝင်ဘာက ထိုင်းနိုင်ငံတွင်ကျင်းပသည့် Miss Universe 2025 ပြိုင်ပွဲတွင် Top 12 စာရင်းထဲ ပါလာခဲ့သည်။
Ref: PAGEANT Circle ,Photos: Miss Grand International















