မြောက်ကိုရီးယားသည် အမေရိကန်၊ တောင်ကိုရီးယားတို့နှင့် သံတမန်ရေးအရ ဆွေးနွေးရန် စိတ်အားထက်သန်ပုံမပေါ်ဘဲ၊ ယင်းအစား မိမိကိုယ်ကိုယ်အားကိုးမှုနှင့် စစ်ရေးအရ ဟန့်တားနိုင်စွမ်းတို့ကိုသာ ပိုမိုခိုင်မာ အောင်လုပ်ဆောင်ရန် ရွေးချယ်နေကြောင်း မြောက်ကိုရီးယားနိုင်ငံသို့ သွားရောက်ခဲ့သည့် ခရီးစဉ်အပြီးတွင် စင်ကာပူနိုင်ငံခြားရေးဝန်ကြီး ဗီဗီယန် ဘာလာခရစ်ရှ်နန်က ပြောကြားခဲ့သည်။
မြောက်ကိုရီးယားသည် တောင်ကိုရီးယားအစိုးရ၏ ငြိမ်းချမ်းရေးကမ်းလှမ်းမှုများကို ထပ်ခါတလဲလဲ ငြင်းပယ်ခဲ့ပြီး ယူကရိန်းကို ကျူးကျော်ဝင်ရောက်နေသည့် ရုရှားနိုင်ငံကိုမူ အခိုင်အမာ ကူညီထောက်ပံ့ပေးနေသည်။
သံတမန်ဆက်ဆံရေး နှစ် ၅၀ ပြည့်အထိမ်းအမှတ်အဖြစ် ပြုံးယမ်းမြို့သို့ ၈ နှစ်တာကာလအတွင်း ပထမဆုံးအကြိမ်အဖြစ် သွားရောက်ခဲ့ပြီးနောက် ဘာလာခရစ်ရ်ှနန်က မေ ၂၈ ရက်နှောင်းပိုင်းတွင် ယခုကဲ့သို့ မှတ်ချက် ပြုပြောကြားခဲ့ခြင်းဖြစ်သည်။
“လောလောဆယ်အချိန်မှာတော့ သူတို့ဟာ အမေရိကန်နဲ့ဖြစ်ဖြစ်၊ ဒါမှမဟုတ် တောင်ကိုရီးယားနဲ့ပဲဖြစ်ဖြစ် ပြင်ပနဲ့ ဘယ်လို ထိတွေ့ဆက်ဆံမှုမျိုးကိုမဆို စိတ်ဝင်စားပုံမရပါဘူး” ဟု ဘာလာခရစ်ရှ်နန်က တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့တော်ရှိ ဒေသတွင်းမီဒီယာများကို ပြောကြားခဲ့သည်။
အမေရိကန် သမ္မတ ဒေါ်နယ်ထရန့်နှင့် တောင်ကိုရီးယားသမ္မတ လီဂျေမြောင်တို့က မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်နှင့် ဆွေးနွေးပွဲများ ပြုလုပ်ရန် စိတ်ဝင်စားကြောင်း အကြိမ်ကြိမ် ထုတ်ဖော်ပြောဆိုထားကြသည်။
မြောက်ကိုရီးယားက ရုရှားနိုင်ငံ ကာ့စ်ခ်ဒေသရှိ ရုရှားတပ်ဖွဲ့များနှင့်အတူ တိုက်ပွဲဝင်ရန် စစ်သားအင်အား ထောင်ပေါင်းများစွာ စေလွှတ်ခဲ့ပြီးနောက် မကြာသေးမီနှစ်များအတွင်း မြောက်ကိုရီးယားနှင့် ရုရှားကြား ဆက်ဆံရေးမှာ ပိုမိုနက်ရှိုင်းလာခဲ့သည်။
တစ်ဖက်တွင်လည်း တရုတ်အနေဖြင့် မြောက်ကိုရီးယားကို ၎င်း၏ သြဇာအာဏာ စက်ဝိုင်းအတွင်းသို့ ပြန်လည်ဆွဲသွင်းရန် ကြိုးပမ်းနေပြီး ပြီးခဲ့သည့် လပိုင်းများအတွင်း နှစ်နိုင်ငံကြား ခရီးသည်တင် ရထားလမ်းခရီး စဉ်များနှင့် လေကြောင်းလိုင်း ပျံသန်းမှုများကို ပြန်လည်စတင်ခဲ့သည်။
ဘာလာခရစ်ရှ်နန်က တောင်ကိုရီးယားနှင့် ပြန်လည်ပေါင်းစည်းရေးကို ပြတ်ပြတ်သားသား ငြင်းပယ်လိုက်သည့် မြောက်ကိုရီးယား၏ သဘောထားကိုလည်း ထည့်သွင်းပြောကြားခဲ့ပြီး မြောက်ကိုရီးယားသည် ဖွံ့ဖြိုးတိုးတက်လာသည်ကို သတိပြုမိကြောင်း ပြောဆိုခဲ့သည်။
“ပြုံးယမ်းမြို့တော်ဟာ အရှေ့တောင်အာရှ ဒါမှမဟုတ် အရှေ့မြောက်အာရှက ခေတ်မီတဲ့ ဘယ်မြို့ပြတွေနဲ့မဆို ရင်ဘောင်တန်းနိုင်တဲ့ မြို့တစ်မြို့ ဖြစ်နေပါပြီ” ဟု ၎င်းက ဆိုသည်။
ယခုလအတွင်း ရိုက်တာသတင်းဌာနက လေ့လာခွင့်ရရှိခဲ့သည့် ဖွဲ့စည်းပုံအခြေခံဥပဒေ မူကြမ်းအရ ကိုရီးယားနှစ်နိုင်ငံကို သီးခြားနိုင်ငံများအဖြစ် သတ်မှတ်ပြီး ပြန်လည်ပေါင်းစည်းရေးကိုနှင့်ပတ်သက်သည့် ရည်ညွှန်းချက်များကို ပယ်ဖျက်ခဲ့သည်။
Ref:Reuters















