ပြည်လမ်းမပေါ်ရှိ ဆေးတက္ကသိုလ် (၁) ကျောင်းရှေ့ မျက်နှာစာတွင် စီးပွားဖြစ် မဏ္ဍပ်ဆောက်လုပ်မှုနှင့် ပတ်သက်၍ တက္ကသိုလ်ဘက်မှ ကန့်ကွက်ခဲ့ပြီးနောက် မဏ္ဍပ်ဆောက်လုပ်ခွင့် တရားဝင် ပိတ်သိမ်း

ပြည်လမ်းမပေါ်ရှိ ဆေးတက္ကသိုလ် (၁) ကျောင်းရှေ့ မျက်နှာစာတွင် စီးပွားဖြစ် မဏ္ဍပ်ဆောက်လုပ်မှုနှင့် ပတ်သက်၍ တက္ကသိုလ်ဘက်မှ ကန့်ကွက်ခဲ့ပြီးနောက် မဏ္ဍပ်ဆောက်လုပ်ခွင့် တရားဝင် ပိတ်သိမ်း
Published 4 April 2018

ဆေးတက္ကသိုလ် (၁) ကျောင်းရှေ့ မျက်နှာစာတွင် မဏ္ဍပ်ဆောက်လုပ်နေမှု ဖျက်သိမ်းနေသည်ကို ဧပြီ ၄ ရက်က တွေ့ရစဉ်

ပြည်လမ်းမပေါ်ရှိ ဆေးတက္ကသိုလ် (၁) ကျောင်းရှေ့ မျက်နှာစာတွင် စီးပွားဖြစ် မဏ္ဍပ်ဆောက်လုပ်မှုနှင့် ပတ်သက်၍ တက္ကသိုလ်ဘက်မှ ကန့်ကွက်ခဲ့ပြီးနောက် မဏ္ဍပ်ဆောက်လုပ်ခွင့် တရားဝင် ပိတ်သိမ်းလိုက်ပြီဖြစ်ကြောင်း ဆေးတက္ကသိုလ်(၁) ကျောင်းသားသမဂ္ဂမှ မတ် ၄ ရက်က အသိပေးကြေညာချက် ထုတ်ပြန်ခဲ့သည်။

ပြည်လမ်းမပေါ်ရှိ ဆေးတက္ကသိုလ် (၁) ကျောင်းရှေ့ မျက်နှာစာတွင် စီးပွားဖြစ်မဏ္ဍပ် ဆောက်လုပ်မှုနှင့် ပတ်သက်၍ ကန့်ကွက်ကြောင်း အသိပေးကြေညာချက်ကို မတ် ၃ရက် ညပိုင်းက ဆေးတက္ကသိုလ် (၁) ကျောင်းသားသမဂ္ဂက ထုတ်ပြန်ကြေညာကြောင်း၊ အဆိုပါကြေညာချက်တွင် ဆေးတက္ကသိုလ် (၁) ပြည်လမ်း Campus မျက်နှာစာ၌ စီးပွားဖြစ် သြင်္ကန်မဏ္ဍပ် ဆောက်လုပ်ခြင်း၊ တက္ကသိုလ်ဝင်းအတွင်း ကားပါကင်နှင့် Food Court ၊ အဖျော်ယမကာအတွက် နေရာများ ထားရှိခြင်းတို့ကို ဆေးတက္ကသိုလ်(၁) ပါမောက္ခချုပ်၊ ပါမောက္ခ/ဌာနမှူးများ၊ ဆေးတက္ကသိုလ် (၁) ကျောင်းသားသမဂ္ဂ နှင့် ကျောင်းသားကျောင်းသူများ အားလုံးက လုံး၀ လုံး၀ သဘောမတူဘဲ တစ်ပေါင်းတစ်စည်းတည်း ကန့်ကွက်ကြောင်းနှင့် အေးချမ်းစွာ ပညာသင်ကြားရသည့် တက္ကသိုလ်ဝင်းအတွင်း မည်သည့်အချိန်တွင်မျှ ဤကဲ့သို့ပြုမူခြင်းကို မည်သည့်အချိန်အခါ ကာလတွင်မျှ လက်ခံနိုင်ခြင်း မရှိဘဲ ယခုကိစ္စကိုလည်း ကျောင်းအာဏာပိုင်အဖွဲ့နှင့် တာဝန်ရှိသူများက ဖြေရှင်း ဆောင်ရွက်နေကြောင်း ကြေညာချက်တွင် ရေးသားထားသည်။

ထိုကဲ့သို့ ကြေညာချက် ထုတ်ပြန်ခဲ့ပြီး မတ် ၄ ရက်၊ နံနက်ပိုင်းက ဆေးတက္ကသိုလ် (၁) ၊ ပါမောက္ခချုပ်က သက်ဆိုင်ရာ တာဝန်ရှိသူများ၊ ဆရာဆရာမများ၊ ကျောင်းသားကျောင်းသူများနှင့် အရေးပေါ် တွေ့ ဆုံဆွေးနွေးပွဲ ပြုလုပ်ခဲ့ကြောင်း၊ အဆိုပါ တွေ့ဆုံမှုအပြီး ဆေးတက္ကသိုလ် (၁) ကျောင်းသားသမဂ္ဂက အသိပေး ကြေညာချက် အမှတ်စဉ် (၂) ကို ထုတ်ပြန်ကြေညာခဲ့ကြောင်းနှင့် ယင်းကြေညာချက်တွင် ဆေးတက္ကသိုလ် (၁) ပြည်လမ်း၌ စီးပွားဖြစ်မဏ္ဍပ် ဆောက်လုပ်မှုကို တက္ကသိုလ်အုပ်ချုပ်ရေးအဖွဲ့၊ ကျောင်းသားသမဂ္ဂ ၊ ကျောင်းသားကျောင်းသူများ အားလုံး နှင့် ကျောင်းသား ကျောင်းသူဟောင်းများအသင်းတို့က တစ်စုတစ်စည်းတည်းပင် ကန့်ကွက်ကြောင်း၊ ထိုသို့ ကန့်ကွက်မှုနှင့်အတူ မဏ္ဍပ်ဆောက်လုပ်မှုကို ပြန်လည် ပိတ်သိမ်းကြောင်း အစိုးရအဖွဲ့နှင့်အတူ ဆောင်ရွက်ပြီး ဖြစ်ကြောင်း နှင့် ဆေးတက္ကသိုလ် (၁) ပြည်လမ်းတွင် စီးပွားဖြစ်မဏ္ဍပ် လုံးဝရှိတော့မည် မဟုတ်ကြောင်း အသိပေး ကြေညာခဲ့သည်။

“ဒီနေ့ ဆရာကြီးက ကျွန်တော်တို့ကို ခေါ်ပြောပါတယ်။ ဒီကိစ္စကို ဖြေရှင်းပြီးသွားပြီ။ အစိုးရပိုင်းကလည်း ဒီဟာကို ခွင့်မပြုတော့ဘူးလို့ ပြောပါတယ်။ မနေ့ကညက ဖေ့ဘုတ်မှာ Post တက်လာတော့မှ ဒီကိစ္စကို သိတာပါ။ အခုက မူးယစ် သောက်စားနေတာမျိုးတွေလည်း မလိုလားဘူး။ ကျောင်းသားတွေလည်း ပါဝင်တာ မဟုတ်ဘူး။ ပြီးတော့ စီးပွားဖြစ်လုပ်မယ့် မဏ္ဍပ်မျိုးဆိုတော့ ကျွန် တော်တို့အနေနဲ့ မထောက်ခံပါဘူး။ ကျွန်တော်တို့ တက္ကသိုလ်မှ မဟုတ်ပါဘူး။ ဘယ်တက္ကသိုလ်မဆို တက္ကသိုလ်ပရဝဏ်မှာ သတ်မှတ်ထားတဲ့ စည်းကမ်းတွေ ရှိတယ်။ ဒါတွေနဲ့ သွေဖယ်နေသလို ဖြစ်နေတာပေါ့။ ယဉ်ကျေးမှုက တစ်ပိုင်းလေ။ ဒါက ကျောင်းဝင်းဖြစ်နေတော့ ကျောင်းရဲ့ခွင့်ပြုချက်တို့ ဘာတို့နဲ့ စနစ်တကျပဲ လုပ်စေချင်တယ်။ ဆရာတွေ ပြောတာကတော့ သူတို့လည်း ဒီမဏ္ဍပ်ဆောက်မယ့်ကိစ္စကို မသိဘူးလို့ ပြောပါတယ်” ဟု ဆေးတက္ကသိုလ် (၁) ကျောင်းသားသမဂ္ဂမှ ဥက္ကဋ္ဌ မောင်ပြည့်ပိုင်ဟိန်းက ပြောကြားသည်။

“ဆေးတက္ကသိုလ် (၁) ဝင်းရှေ့ မျက်နှာစာမှာ မဏ္ဍပ်ဆောက်ဖို့ ဆိုပြီး လျှောက်ထားတာတော့ ရှိတယ်။ လျှောက်ထားတဲ့သူက ဦးအောင်ဗိုလ်ဟိန်း နာမည်နဲ့ပါ။ မဏ္ဍပ်အမည်ကတော့ ကျွန်တော် မမှတ်မိလို့ပါ။ မဏ္ဍပ်ဆောက်ဖို့ တက္ကသိုလ်ဘက်က ကန့်ကွက်တယ် ဆိုရင်တော့ ကျွန်တော်တို့ဘက်က ပါမစ်ထုတ်ပေးဖို့ အစီအစဉ် မရှိပါဘူး။ အခုက လျှောက်ထားဆဲအဆင့်ပဲ ရှိသေးတာပါ” ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၊ အင်ဂျင်နီယာဌာန (လမ်းနှင့် တံတား) မှ လက်ထောက်အင်ဂျင်နီယာ ဦးသန်းဟုတ် ကပြောကြားသည်။

ယခုနှစ် သြင်္ကန်တွင် ရေကစားမဏ္ဍပ် လျှောက်ထားခွင့် ပြုထားသည့် နေရာနှင့် မဏ္ဍပ်အရေအတွက်မှာ ဝေဇယန္တာလမ်း တစ်လျှောက် ဖျော်ဖြေရေးမဏ္ဍပ် ငါးခု၊ ဖျော်ဖြေရေးနှင့် ရေကစားမဏ္ဍပ် ၁၆ ခု၊ ပါရမီလမ်း တစ်လျှောက် ဖျော်ဖြေရေးမဏ္ဍပ် နှစ်ခု၊ ဖျော်ဖြေရေးနှင့် ရေကစားမဏ္ဍပ် လေးခု၊ မင်းဓမ္မလမ်း (ပါရမီလမ်းနှင့် ကျိုက်ဝိုင်းဘုရားလမ်းကြား) ဖျော်ဖြေရေးမဏ္ဍပ် နှစ်ခု၊ ကျိုက်ဝိုင်းဘုရားလမ်း ဖျော်ဖြေရေးမဏ္ဍပ် လေးခု၊ ဖျော်ဖြေရေး နှင့်ရေကစားမဏ္ဍပ် ခြောက်ခု၊ ပြည်လမ်း (ကျိုက်ဝိုင်းဘုရားလမ်းမှ ဗိုလ်ချုပ်လမ်းကြား) ဖျော်ဖြေရေးမဏ္ဍပ် ခြောက်ခု၊ ဖျော်ဖြေရေးနှင့် ရေကစားမဏ္ဍပ် ၁၀ ခု၊ တက္ကသိုလ်ရိပ်သာလမ်း (ပြည်လမ်းမှ အင်းလျားလမ်းကြား) (ကမ္ဘာအေးဘုရားလမ်းမှ ဆရာစံလမ်းကြား) ဖျော်ဖြေရေးနှင့် ရေကစားမဏ္ဍပ် လေးခု၊ စက်မှု (၁) လမ်း (ကမ္ဘာအေးဘုရားလမ်း မှ ဆရာစံလမ်းကြား)၊ ဖျော်ဖြေရေးနှင့် ရေကစားမဏ္ဍပ်နှစ်ခု တို့ကို ခွင့်ပြုထားကြောင်း သိရသည်။

ထို့ပြင် ဗိုလ်ချုပ်လမ်း (ပြည်လမ်း မှ ဗိုလ်တထောင်ဘုရားလမ်းကြား) ဖျော်ဖြေရေးမဏ္ဍပ် နှစ်ခု၊ ဖျော်ဖြေရေးနှင့် ရေကစားမဏ္ဍပ် နှစ်ခု၊ အနော်ရထားလမ်း (ဗိုလ်တထောင်ဘုရားလမ်းမှ ဘုန်းကြီးလမ်းကြား)၊ ဖျော်ဖြေရေးမဏ္ဍပ် နှစ်ခု၊ ဖျော်ဖြေရေး နှင့် ရေကစားမဏ္ဍပ် လေးခု၊ မဟာဗန္ဓုလလမ်း (ဘုန်းကြီးလမ်းမှ ဗိုလ်တထောင်ဘုရားလမ်းကြား)၊ ဖျော်ဖြေရေးနှင့် ရေကစားမဏ္ဍပ် လေးခု၊ ကုန်သည်လမ်း (ဗိုလ်တထောင်ဘုရားလမ်းမှ ဆူးလေလမ်းကြား) ဖျော်ဖြေရေးနှင့် ရေကစားမဏ္ဍပ် သုံးခု၊ ပုဇွန်တောင်လမ်းမကြီး အထက်/အောက် (ဗန္ဓုလတံတားမှ ကြက်ဘဲဈေးကြား) ဖျော်ဖြေရေးမဏ္ဍပ် နှစ်ခု၊ ဖျော်ဖြေရေးနှင့် ရေကစားမဏ္ဍပ် လေးခု၊ သံသုမ္မာလမ်း (ကြက်ဘဲဈေးမှ ဝေဇယန္တာလမ်းကြား) ဖျော်ဖြေရေးနှင့် ရေကစားမဏ္ဍပ် တစ်ခု၊ ကြည့်မြင်တိုင် ကမ်းနားလမ်း (ပြည်လမ်းမှ ကမ်းနားလမ်းကြား) ဖျော်ဖြေရေးမဏ္ဍပ် ၁၀ ခု စုစုပေါင်း ဖျော်ဖြေရေးမဏ္ဍပ် ၃၅ ခုနှင့် ဖျော်ဖြေရေးနှင့် ရေကစားမဏ္ဍပ် ၆၀ ခုတို့အား ခွင့်ပြုပေးထားကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီမှသိရသည်။

Most Read

Most Recent