တောင်ကြီးမြို့နယ်တွင် အုတ် သဲ ကျောက် ကားများ အဖုံးအကာများအုပ်၍ သယ်ဆောင်သွားကြရန် စည်ပင်သာယာရေးဌာန ညွှန်ကြားချက် ထုတ်ပြန်ထားကြောင်း တောင်ကြီးမြို့နယ် စည်ပင်သာယာရေးဌာန ထံမှ သိရသည်။
တောင်ကြီးမြို့နယ် စည်ပင်သာယာရေး နယ်နိမိတ်အတွင်း အုတ်သဲကျောက်တင်ကားများ အမိုးအကာတို့ဖြင့် စနစ်တကျအုပ်၍ သယ်ယူကြရန် အမိန့်ကြော်ငြာစာတစ်စောင်ကို မေလအစောပိုင်းက ထုတ်ပြန်ထားကြောင်း သိရသည်။
“ ဒီလို ဘာလို့ ထုတ်ပြန်ထားလဲဆိုရင် စည်ပင်သာယာရေး နယ်နိမိတ်အတွင်းထဲမှာ အုတ် သဲ ကျောက် ကားတွေဟာ အမိုးအကာမပါဘဲနဲ့ အရှိန်ပြင်းစွာ မောင်းနှင်တယ်။ Slow Down တွေမှာ အရှိန်မလျှော့ဘူး။ အဲလို အရှိန်မလျှော့တော့သူတို့ တင်ဆောင်လာတဲ့ အုတ်သဲကျောက်တွေဟာ လမ်းမတွေပေါ်ကို ဖိတ်စင်ကျပြီး ၊ မြို့ရဲ့သန့်ရှင်းသာယာရေးကိုလည်း ထိခိုက်ပါတယ်။ ဒါကြောင့် အမိန့်ကြော်ငြာစာထုတ်ပြီး တားမြစ်ပါတယ်” ဟု တောင်ကြီးမြို့နယ် စည်ပင်သာယာရေးဌာန အမှုဆောင် အရာရှိ ဦးသိန်းဝင်းက ဆိုသည်။
လက်ရှိတွင် ပညာပေးကာလ မေလ ၁၁ ရက်အထိ နှစ်ပတ်တာ သတ်မှတ်ထားကြောင်း၊ ရက်ပြည့်လျှင် စည်းကမ်းလိုက်နာမှုမရှိသော အုတ်သဲကျောက်ကားများကို စည်ပင်သာယာရေး ဥပဒေနှင့်အညီ အရေးယူသွားမည် ဖြစ်ကြောင်း ဆိုသည်။
■ စည်သာ(တောင်ကြီး)















