တရုတ်နိုင်ငံ ပေကျင်းမြို့၌ ဧပြီ ၂၄ ရက်က ကမ္ဘာ့အကြီးဆုံး ကားပြပွဲကို စတင်ဖွင့်လှစ်ပြီဖြစ်ပြီး အဆိုပါ ကားပြပွဲကို တရုတ်၏ EV ကားများက လွှမ်းမိုးထားဖွယ်ရှိကြောင်း အေအက်ဖ်ပီသတင်းတွင် ဖော်ပြထားသည်။
အဆိုပါ ကားပြပွဲတွင် စျေးကွက်အတွင်းရှိ နောက်ဆုံးပေါ် ခေတ်မီကားမော်ဒယ်များကို လေ့လာကြည့်ရှုရန် သိန်းနှင့်ချီသည့် မော်တော်ယာဉ်ဝါသနာရှင်က ပေကျင်းသို့ ရောက်ရှိလာကြမည်ဟု မျှော်လင့်ရသည်။
Volkswagen၊ Toyota နှင့် BMW ကဲ့သို့သော နိုင်ငံတကာ အမှတ်တံဆိပ်များသည် တရုတ်နိုင်ငံတွင် တစ်ချိန်က ဈေးကွက်ကို လွှမ်းမိုးထားနိုင်ခဲ့သော်လည်း လျှပ်စစ်ကားများ အရှိန်အဟုန်ဖြင့် ပေါ်ထွက်လာချိန်တွင် ၎င်းတို့ထက် လက်ဦးမှုရယူပြီး ဈေးနှုန်းသက်သာအောင် ရောင်းချနိုင်သည့် တရုတ်ပြည်တွင်းကုမ္ပဏီများကြောင့် လွန်ခဲ့သည့်နှစ်များအတွင်း ဈေးကွက်ဝေစုများ ဆုံးရှုံးခဲ့ရသည်။
BYD၊ Xiaomi နှင့် Xpeng အပါအဝင် တရုတ်ကားကုမ္ပဏီများသည် ယခုအခါတွင် ၎င်းတို့၏ EV များအတွင်း AI ဆော့ဖ်ဝဲနှင့် မောင်းသူမဲ့ နည်းပညာများကို ပေါင်းစပ်ထည့်သွင်းရာတွင် ရှေ့တန်းမှ ဦးဆောင်နေသည်။
ပေကျင်းမြို့တော်တွင် ကျင်းပနေသည့် Auto China ကားပြပွဲသည် စတုရန်းမီတာ ၃၈၀,၀၀၀ (စတုရန်းပေ ၄ သန်း) ကျယ်ဝန်းပြီး ဘောလုံးကွင်း ၅၀ ကျော်စာထက် ပိုမိုကြီးမားကြောင်း ပြပွဲစီစဉ်သူများက ပြောကြားခဲ့သည်။
အဆိုပါကားပြပွဲကို ဧပြီ ၂၄ ရက်တွင် စက်မှုလုပ်ငန်း ကျွမ်းကျင်သူများနှင့် မီဒီယာများအတွက် စတင်ဖွင့်လှစ်ပေးပြီး ဧပြီလ ၂၈ ရက်မှ မေလ ၃ ရက်အထိ အများပြည်သူအတွက်ပါ ဖွင့်လှစ်ပေးမည်ဖြစ်သည်။
ယခုပြပွဲတွင် ရာနှင့်ချီသည့် ပြည်တွင်းနှင့် ပြည်ပ ကုမ္ပဏီများ၏ မော်တော်ယာဉ် အစီးရေ ၁၄၀၀ ကျော်ကို ခင်းကျင်းပြသသွားမည် ဖြစ်သည်။
ပြည်တွင်းအမှတ်တံဆိပ်များသည် မောင်းသူမဲ့နည်းပညာ၊ ဘက်ထရီအားသွင်းစနစ်နှင့် အနာဂတ်သယ်ယူ ပို့ဆောင်ရေး နည်းပညာအသစ်များဖြင့် ပြိုင်ဆိုင်မှုတွင် အသာစီးရယူနိုင်ရန် အပြိုင်အဆိုင် ကြိုးပမ်းသွားဖွယ်ရှိကြောင်း လေ့လာသူများက ပြောကြားခဲ့သည်။
ကုမ္ပဏီသက်တမ်း ဆယ်စုနှစ်တစ်ခုကျော်သာ ရှိသေးသည့် Xpeng ကုမ္ပဏီကမူ စက်ရုပ်နည်းပညာနှင့် ပျံသန်းနိုင်သည့်ကားများတွင် နောက်ဆုံးပေါ် တိုးတက်မှုများအပြင် စမတ်မောင်းနှင်မှုစနစ်သစ် (new smart driving system) ကိုပါ ပြသသွားရန် စီစဉ်ထားကြောင်း ပြောကြားခဲ့သည်။
တစ်ဖက်တွင်လည်း ပြည်ပမော်တော် ကားထုတ်လုပ်သူများသည် နည်းပညာတိုးတက်မှုများနှင့်အညီ လိုက်မီနိုင်စေရန် ပြည်တွင်းကုမ္ပဏီများနှင့် ပိုမိုပူးပေါင်းဆောင်ရွက်လာကြသည်။
BMW သည် တရုတ်၏ ဘက်ထရီထုတ်လုပ်သည့်ကုမ္ပဏီ CATL နှင့် ပူးပေါင်းဆောင်ရွက်ထားပြီး၊ Audi သည် Huawei ၏ မောင်းနှင်မှုအထောက်အကူပြုစနစ်များကို အသုံးပြုလျက်ရှိကာ Volkswagen သည် ကွမ်ကျိုးအခြေစိုက် Xpeng နှင့်အတူ EV များကို ပူးတွဲထုတ်လုပ်လျက်ရှိသည်။
Ref:AFP















