အောက်တိုဘာ ၇ ရက် တိုက်ခိုက်မှုအတွက် အစ္စရေးစစ်ခုံရုံးဖွဲ့ရန် အတည်ပြုလိုက်ပြီး ဟားမာ့စ်အဖွဲ့ဝင်များ သေဒဏ်ကျဖွယ်ရှိ

အောက်တိုဘာ ၇ ရက် တိုက်ခိုက်မှုအတွက် အစ္စရေးစစ်ခုံရုံးဖွဲ့ရန် အတည်ပြုလိုက်ပြီး ဟားမာ့စ်အဖွဲ့ဝင်များ သေဒဏ်ကျဖွယ်ရှိ
Published 12 May 2026
Ref;CNN

၂၀၂၃ ခုနှစ်၊ အောက်တိုဘာ တိုက်ခိုက်မှုအတွင်း စစ်ရာဇဝတ်မှုများ ကျူးလွန်ခဲ့သည်ဟု စွပ်စွဲခံထားရသည့်  ရာနှင့်ချီသည့် ဟားမာ့စ်လက်နက်ကိုင်များအတွက် အထူးစစ်ခုံရုံးဖွဲ့စည်းရန် အစ္စရေးတွင် မေ ၁၁ ရက်က အတည်ပြုလိုက်ပြီဖြစ်ပြီး ဟားမာ့စ်အဖွဲ့ဝင်များ သေဒဏ်နှင့် ရင်ဆိုင်ရဖွယ်ရှိနေသည်။

စစ်ခုံရုံးဖွဲ့မည့် ယင်းဥပဒေကို ဝန်ကြီးချုပ် ဘန်ဂျမင်နေတန်ယာဟု၏ အစိုးရညွန့်ပေါင်းအဖွဲ့နှင့်  အတိုက်အခံအဖွဲ့အများစုက ကျယ်ကျယ်ပြန့်ပြန့် ထောက်ခံခဲ့ကြပြီး ထောက်ခံမဲ ၉၃ မဲ၊ ကန့်ကွက်မဲမရှိဘဲ အတည်ပြုလိုက်ခြင်းဖြစ်သည်။

“အောက်တိုဘာ ၇ ရက် အစုလိုက် အပြုံလိုက် သတ်ဖြတ်မှုအတွက် တရားစွဲဆိုရေးဥပဒေ” ဟု အမည်ပေးထားသည့် အဆိုပါဥပဒေအရ အောက်တိုဘာ ၇ ရက် တိုက်ခိုက်မှုနောက်ပိုင်း အစ္စရေးတွင် ဖမ်းဆီးထားသည့် ဟားမာ့စ်နူခ်ဘာ အထူးတပ်ဖွဲ့ဝင် ၄၀၀ ခန့်ကို တရားစွဲဆိုရန် စစ်ခုံရုံးတစ်ခု သီးသန့်ဖွဲ့စည်းသွားမည်ဟု အစ္စရေးအရာရှိတစ်ဦးက CNN ကိုပြောသည်။

ဂါဇာကမ်းမြောင်ဒေသကို ထိန်းချုပ်ထားသည့် ပါလက်စတိုင်းလက်နက်ကိုင်အဖွဲ့ ဟားမာ့စ်ဦးဆောင်သော အောက်တိုဘာ ၇ ရက် တိုက်ခိုက်မှုအတွင်း အစ္စရေးနိုင်ငံသား ၁၂၀၀ ကျော် သေဆုံးခဲ့ပြီး ၂၅၁ ဦး ဓားစာခံ အဖြစ် ဖမ်းဆီးခေါ်ဆောင်ခံခဲ့ရသည်။

ယခုဥပဒေတွင် လူမျိုးတုံးသတ်ဖြတ်မှု ဖြင့် ပြစ်မှုထင်ရှားသူများကို သေဒဏ်ပေးနိုင်သည့် ဥပဒေမူဘောင် ပါဝင်သည်။ အဆိုပါစစ်ခုံရုံးကို တည်ထောင်ပြီး တရားစွဲဆိုမှုများ စတင်ရန် လအနည်းငယ်ကြာမြင့်နိုင်ကြောင်း အစ္စရေးအရာရှိက ဆိုသည်။

ခုံရုံးကို ဂျေရုဆလင်မြို့တွင် အခြေစိုက်မည်ဖြစ်ပြီး ကြားနာမှုများကို အများပြည်သူသိရှိနိုင်စေရန် အသံနှင့် ဗီဒီယိုများ ရိုက်ကူးထားမည်ဖြစ်ကာ အဓိကကြားနာမှုများကို သီးသန့်ဝက်ဘ်ဆိုဒ်တစ်ခုတွင် တင်ပေးထားမည်ဖြစ်သည်။

တရားစီရင်ရေးအဖွဲ့များကို လက်ရှိတာဝန်ထမ်းဆောင်ဆဲ သို့မဟုတ် အငြိမ်းစား ခရိုင်တရားသူကြီးများက ဦးဆောင်သွားမည်။ ပါလက်စတိုင်းအာဏာပိုင်အဖွဲ့က အောက်တိုဘာ ၇ ရက် တိုက်ခိုက်မှုတွင် မပါဝင်ခဲ့သော်လည်း တရားခံများ၏ ခုခံချေပမှုဆိုင်ရာ ကုန်ကျစရိတ်များကို ပါလက်စတိုင်းအာဏာပိုင်အဖွဲ့ထံ လွှဲပြောင်းပေးရမည့် ရန်ပုံငွေထဲမှ ဖြတ်တောက်သွားမည်ဟု ဥပဒေတွင် ပြဋ္ဌာန်းထားသည်။

တရားရေးဝန်ကြီး ယာရစ်ဗ်လီဗင်က “ဒီဥပဒေဟာ တရားမျှတမှုကို ဖော်ဆောင် ပေးရုံတင်မကဘဲ အောက်တိုဘာ ၇ ရက်က ကြောက်မက်ဖွယ်သတ်ဖြတ်မှုမှာ ပါဝင်သူတွေ၊ သေဆုံးသူတွေနဲ့ ဓားစာခံတွေ အကြောင်း သမိုင်းမှတ်တမ်းကို မျိုးဆက်အဆက်ဆက် တည်ရှိနေစေမှာပါ” ဟု ပြောကြားခဲ့သည်။ ထို့ပြင် ဂါဇာသို့ ဖမ်းခေါ်ခံခဲ့ရသည့် ဓားစာခံများအပေါ် ကျူးလွန်သည့် ပြစ်မှုများကိုလည်း ယင်းဥပဒေအောက်တွင် အရေးယူသွားမည်ဖြစ်သည်။ဥပဒေ၏ ရည်ရွယ်ချက်က အောက်တိုဘာ ၇ ရက်တွင် အစ္စရေးအရပ်သားများကို ဦးတည်၍ ဟားမာ့စ်နှင့် လက်အောက်ခံများက ကြိုတင်စီစဉ်ကာ သတ်ဖြတ်မှု၊ လိင်ပိုင်းအကြမ်းဖက်မှု၊ ပြန်ပေးဆွဲမှုနှင့် လုယက်မှုများအတွက် တာဝန်ရှိသူများကို တရားစွဲဆိုရန်ဖြစ်ပြီး ယင်းလုပ်ရပ်များက  လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုနှင့် စစ်ရာဇဝတ်မှုများအဖြစ် အဓိပ္ပာယ်ဖွင့်ဆိုထားသည်။       

 

Most Read

Most Recent