ပါကစ္စတန်နိုင်ငံ အစ္စလာမ္မာဘတ်မြို့တော်တွင် အမေရိကန်နှင့် အီရန်ထိပ်သီးကိုယ်စားလှယ်များ အကြိတ်အနယ် ဆွေးနွေးမှုများ ပြုလုပ်နေချိန်အတွင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်သည် ၎င်း၏ မိသားစုဝင်အချို့အပါအဝင် နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီယိုနှင့်အတူ မိုင်ယာမီမြို့၌ ကျင်းပသည့် UFC ပြိုင်ပွဲကိုတက်ရောက်ကြည့်ရှုနေခဲ့ကြောင်း ဘီဘီစီသတင်းတွင် ဖော်ပြခဲ့သည်။
ပါကစ္စတန်တွင် ဆွေးနွေးမှုများ ပြုလုပ်နေစဉ်အတောအတွင်း သမ္မတထရန့်နှင့် အမြဲမပြတ် အဆက်အသွယ်ရှိခဲ့ကြောင်း အီရန်နှင့်ဆွေးနွေးခဲ့သည့် အမေရိကန်ကိုယ်စားလှယ်အဖွဲ့ကို ဦးဆောင်ခဲ့သည့် ဒုတိယသမ္မတ ဂျေဒီဗန့်စ်က ပြောကြားခဲ့သည်။
"ပြီးခဲ့တဲ့ ၂၁ နာရီအတွင်း သမ္မတနဲ့ ဘယ်နှစ်ကြိမ်တောင် စကားပြောဖြစ်ခဲ့သလဲဆိုတာ ကျွန်တော်မသိတော့ပါဘူး၊ ခြောက်ကြိမ် ဒါမှမဟုတ် ဆယ့်နှစ်ကြိမ်လောက်တောင် ရှိနိုင်ပါတယ်" ဟု ဗန့်စ်က ဆိုသည်။
သို့သော် ပါကစ္စတန်တွင် ပြုလုပ်ခဲ့သည့် အမေရိကန်နှင့် အီရန်ကြား ငြိမ်းချမ်းရေးဆွေးနွေးပွဲသည် မည်သည့်သဘောတူညီချက်မှမရခဲ့ဘဲ ပြီးဆုံးသွားခဲ့သည်။
Ref: BBC















