ကမ္ဘာ့အကြီးဆုံးလေယာဉ်တင်သင်္ဘော USS Gerald R. Ford တွင် မီးလောင်မှုအပျက်အစီးများအတွက် ရက်ပိုင်းကြာ ပြင်ဆင်မှုများပြုလုပ်ခဲ့ပြီးနောက် အီရန်စစ်ဆင်ရေးတွင် ပြန်လည်ပါဝင်ရန် အရှေ့အလယ်ပိုင်းသို့ ၎င်းသင်္ဘောကြီး ပြန်လာတော့မည်ဖြစ်သည်။
သင်္ဘောကို ခရိုအေးရှားနိုင်ငံတွင် ငါးရက်ကြာပြင်ဆင်မှုများနှင့် ရိက္ခာဖြည့်တင်းမှုများ ပြုလုပ်ခဲ့ပြီး မီးလောင်ရသည့် အကြောင်းရင်းကို စုံစမ်းစစ်ဆေးလျက်ရှိသည်။
Wall Street Journal ၏ ဖော်ပြချက်အရ အဆိုပါလေယာဉ်တင်သင်္ဘောသည် ယခု အရှေ့အလယ်ပိုင်းသို့ ပြန်လည်ဦးတည်လာပြီဖြစ်ပြီး စစ်ဆင်ရေးကို အပြည့်အဝထမ်းဆောင်ရန် အသင့်ရှိနေပြီဟု အမေရိကန်ရေတပ်က ထုတ်ပြန်ထားသည်။
မတ်လ ၁၂ ရက်က အဆိုပါသင်္ဘောပေါ်ရှိ အဝတ်လျှော်ခန်းတွင် မီးလောင်မှုဖြစ်ပွားခဲ့ရာ သင်္ဘောသားအိပ်စင်ပေါင်း ၁၀၀ ခန့် ပျက်စီးသွားခဲ့သည်။ ၎င်းသည် ပင်လယ်နီမှထွက်ခွာလာပြီးနောက် ဂရိနိုင်ငံ၊ ခရီတီကျွန်း ရေတပ်စခန်းသို့ မတ် ၂၃ ရက်တွင် ပြန်ရောက်လာပြီး မတ် ၂၈ ရက်တွင် ခရိုအေးရှားသို့ ဆက်လက်ထွက်ခွာခဲ့သည်။
မီးလောင်မှုကြောင့် သင်္ဘောသားနှစ်ဦး ဒဏ်ရာရခဲ့သော်လည်း အသက်အန္တရာယ်မစိုးရိမ်ရဟု အမေရိကန်အလယ်ပိုင်းစစ်ဌာနချုပ် (CENTCOM) က ထုတ်ပြန်ခဲ့သည်။
USS Gerald R. Ford ပါဝင်သည့်တိုက်ခိုက်ရေးအုပ်စုသည် အီရန်စစ်ဆင်ရေး Operation Epic Fury တွင် USS Abraham Lincoln လေယာဉ်တင် သင်္ဘောတိုက်ခိုက်ရေးအုပ်စုနှင့်အတူ ပူးပေါင်းပါဝင်နေခြင်းဖြစ်သည်။ အီရန်စစ်ဆင်ရေးတွင် ပါမလာမီက Ford သည် ကာရေဘီယံပင်လယ်တွင် တပ်စွဲခဲ့သည်။ထို့ပြင် USS George H.W. Bush လေယာဉ်တင်သင်္ဘောကိုလည်း အရှေ့အလယ်ပိုင်းသို့ စေလွှတ်ထားသည်။
Ref: Fox News














