ဂရင်းဝုဒ်အပေါ် ပြောကြားခဲ့တဲ့ မှတ်ချက်စကားအတွက် စပါးပရိသတ်တွေကို ဒီဇာဘီ ပြန်လည်တောင်းပန်

ဂရင်းဝုဒ်အပေါ် ပြောကြားခဲ့တဲ့ မှတ်ချက်စကားအတွက် စပါးပရိသတ်တွေကို ဒီဇာဘီ ပြန်လည်တောင်းပန်
Photo: X
Photo: X
Published 3 April 2026

စပါးအသင်းရဲ့နည်းပြသစ် ဒီဇာဘီက မာဆေးလ်အသင်းကို ကိုင်တွယ်စဉ် အင်္ဂလန်တိုက်စစ်မှူး ဂရင်းဝုဒ်အပေါ် ပြောကြားခဲ့တဲ့ မှတ်ချက်စကားအတွက် စပါးပရိသတ်တွေကို ပြန်လည်တောင်းပန်ခဲ့ကြောင်း သိရပါတယ်။

ဒီဇာဘီက အတူနေချစ်သူကို အဓမ္မပြုကျင့်မှု၊ ကိုယ်ထိလက်ရောက်ကျူးလွန်မှုတွေ ပြုလုပ်ခဲ့တဲ့ ဂရင်းဝုဒ်ကို မာဆေးလ်အသင်းထံ ခေါ်ယူခဲ့ချိန်မှာ တခြားသူရဲ့ ကိုယ်ရေးကိုယ်တာဘဝထဲ ပါဝင်လိုခြင်းမရှိကြောင်း၊ ဂရင်းဝုဒ်ကို လူကောင်းတစ်ယောက်အဖြစ်သာမြင်ကြောင်း မှတ်ချက်ပေးခဲ့ဖူးတာပါ။

ဒီအတွက် စပါးအသင်းရဲ့ ပရိသတ်အဖွဲ့တချို့က ဒီဇာဘီကို နည်းပြသစ်အဖြစ် မခန့်အပ်ဖို့ တိုက်တွန်းတောင်းဆိုမှုတွေ ပြုလုပ်ခဲ့ကြပေမဲ့ စပါးအသင်းက (၅)နှစ်စာချုပ်နဲ့ ခန့်အပ်ခဲ့ပါတယ်။

စပါးအသင်းရဲ့ ပရိသတ်အဖွဲ့တွေကလည်း ဆန့်ကျင်ကန့်ကွက်မှုတွေ ဆက်လက်ပြုလုပ်နေတာကြောင့် ဒီဇာဘီက စပါးနည်းပြအဖြစ် ပထမဆုံးပြုလုပ်တဲ့ အင်တာဗျူးအစီအစဉ်မှာ စပါးပရိသတ်တွေကို တောင်းပန်စကားဆိုခဲ့တာပါ။

''အမျိုးသမီးတွေကို အကြမ်းဖက်တဲ့ကိစ္စ ဒါမှမဟုတ် ဘယ်သူ့ကိုမဆို ပေါ်ပေါ်လွင်လွင်အကြမ်းဖက်တဲ့ကိစ္စကို မှေးမှိန်သွားအောင် လုပ်ဆောင်ဖို့ ကျွန်တော် ဘယ်တုန်းကမှ ဆန္ဒမရှိပါဘူး။ ကျွန်တော့်ဘဝမှာ အားနည်းတဲ့ဘက်ကပဲ အမြဲရပ်တည်ခဲ့တာပါ။ ဒီကိစ္စအတွက် တစ်စုံတစ်ယောက်ရဲ့ ခံစားချက်ကို တိုက်ခိုက်မိသွားခဲ့ရင် ကျွန်တော် တောင်းပန်ပါတယ်။ ကျွန်တော့်မှာ သမီးတစ်ယောက်ရှိပြီး ဒီလိုကိစ္စတွေမှာ ကျွန်တော်က အရမ်းထိလွယ်ရှလွယ်ရှိပါတယ်။ ကျွန်တော့်အကြောင်း ပိုသိလာရင် ကျွန်တော့်ကို နားလည်လာမယ်လို့ မျှော်လင့်ပါတယ်။ အဲဒီအခိုက်အတန့်မှာ ကျွန်တော် အဲဒီလိုသဘော ပြောခဲ့တာမဟုတ်ပါဘူး'' လို့ ဒီဇာဘီက ပြောကြားခဲ့ပါတယ်။

Most Read

Most Recent