■ ဆူနာမီသတိပေးချက် ခေတ္တထုတ်ပြန်ခဲ့ပြီး ပြန်ရုပ်သိမ်း
အင်ဒိုနီးရှားတွင် ဧပြီ ၂ ရက် မနက်အစောပိုင်းက မဂ္ဂနီကျု ၇ ဒသမ ၄ အဆင့်ရှိ ငလျင်တစ်ခု လှုပ်ခတ်သွားပြီး အမေရိကန် ဘူမိဗေဒလေ့လာရေးအဖွဲ့ (USGS) ၏ ဖော်ပြချက်အရ အင်ဒိုနီးရှားကျွန်းစုအလယ်ပိုင်းရှိ မလက္ကာပင်လယ်အတွင်း လှုပ်ခတ်ခဲ့ခြင်းဖြစ်သည်။
ကနဦးတွင် ငလျင်ပြင်းအားကို ၇ ဒသမ ၈ အဆင့်ဟု ဖော်ပြခဲ့သည်။ ငလျင်ကြောင့် အင်ဒိုနီးရှား၊ ဖိလစ်ပိုင်နှင့် မလေးရှား ကမ်းရိုးတန်းတစ်လျှောက် ဆူနာမီလှိုင်းများ ဖြစ်ပေါ်နိုင်သည်ဟု အစောပိုင်းတွင် သတိပေးချက်ထုတ်ခဲ့သော်လည်း နောက်တော့အာဏာပိုင်များက ရုပ်သိမ်းလိုက်သည်။
အနီးနားမြို့များမှ ဒေသခံများက ငလျင်ပြင်းအား အလွန်ကြီးမားကြောင်းနှင့် ငလျင်လှုပ်ခတ်ပြီးနောက် အထိတ်တလန့်ဖြစ်မှုများနှင့် ပျက်စီးဆုံးရှုံးမှုများရှိကြောင်း ဘီဘီစီကိုပြောပြသည်။
ငလျင်ဗဟိုချက်က လူဦးရေနှစ်သိန်းကျော်နေထိုင်ရာ တာနိတ်မြို့မှ ကီလိုမီတာ ၁၂၀ (၇၄ မိုင်ခွဲ) ခန့်အကွာတွင်ဖြစ်သည်။ ပထမငလျင်လှုပ်ပြီးနောက် မဂ္ဂနီကျု ၅ ဒသမ ၅ နှင့် ၅ ဒသမ ၂ အဆင့်ရှိ နောက်ဆက်တွဲငလျင်နှစ်ခု ဆက်လှုပ်ခတ်ခဲ့သည်။နောက်ထပ် နောက်ဆက်တွဲငလျင်များလည်း လှုပ်နိုင်သည်ဟု အင်ဒိုနီးရှားဘူမိဗေဒဌာနက ခန့်မှန်းထားသည်။
သေကျေထိခိုက်မှုအနေဖြင့် မြောက်ဆူလာဝေစီပြည်နယ်တွင် အသက် ၇၀ အရွယ်အမျိုးသမီးတစ်ဦး အဆောက်အအုံပြိုကျပျက်စီးမှု၌ ပိမိသေဆုံးသွားသည်ဟု ရှာဖွေကယ်ဆယ်ရေးအဖွဲ့ကပြောသည်။ အင်ဒိုနီးရှားသည် ငလျင်လှုပ်မှုနှင့် မီးတောင်ပေါက်မှုများ အလွန်ပြင်းထန်သည့် ပစိဖိတ်မီးတောင်ရပ်ဝန်းပေါ်တွင် ခွလျက်တည်ရှိနေသည်။














