ဘာစီလိုနာအသင်းဟာ လာမယ့်နွေရာသီမှာ စပိန်တိုက်စစ်ကစားသမား ဖယ်ရန်တောရက်စ်အတွက် ကမ်းလှမ်းမှုတွေကို လက်ခံစဉ်းစားသွားမယ်လို့ သိရပါတယ်။
ဘာစီလိုနာအသင်းဟာ လာမယ့်ရာသီမှာ တိုက်စစ်ပိုင်းကို အပြောင်းအလဲပြုလုပ်ဖို့ စီစဉ်နေရာမှာ ၀ါရင့်တိုက်စစ်မှူး လီဝန်ဒေါစကီးကို ဆက်ထားပြီး ဖယ်ရန်တောရက်စ်ကို ရောင်းထုတ်ဖို့ ဆန္ဒရှိနေခြင်းဖြစ်ကြောင်းလည်း သိရပါတယ်။
အသက်(၂၆)နှစ်သာရှိသေးတဲ့ ဖယ်ရန်တောရက်စ်ဟာ ဗလင်စီယာအသင်းရဲ့ ကစားသမားဟောင်းဖြစ်ပြီး မန်စီးတီးအသင်းကနေ ၂၀၂၂ ဇန်နဝါရီစျေးကွက်မှာ ဘာစီလိုနာအသင်းကို ယူရို(၅၅)သန်းနဲ့ ပြောင်းရွှေ့ခဲ့တာပါ။
ဘာစီလိုနာအသင်းက ဖယ်ရန်တောရက်စ်ကို ၂၀၂၇ ခုနှစ်အထိ စာချုပ်ချုပ်ဆိုထားပြီး ယူရို(၁)ဘီလီယံတန် လျော်ကြေးစာချုပ်လည်း ချုပ်ဆိုထားပေမဲ့ လာမယ့်နွေရာသီမှာ ရောင်းထုတ်ဖို့ စီစဉ်နေခြင်းဖြစ်ကြောင်းလည်း သိရပါတယ်။
ဖယ်ရန်တောရက်စ်ဟာ ဒီရာသီမှာ ဘာစီလိုနာအသင်းအတွက် ပွဲ(၄၀)ကစားပြီး (၁၆)ဂိုးသွင်းယူထားပေမဲ့ ဘာစီလိုနာအသင်းရဲ့ အရောင်းစာရင်းထဲ ပါဝင်နေခြင်းဖြစ်ပါတယ်။
ဘာစီလိုနာအသင်းက အက်သလက်တီကိုအသင်းက အာဂျင်တီးနားတိုက်စစ်မှူး အယ်လ်ဗာရက်ဇ်ကို ခေါ်ယူဖို့ စီစဉ်နေသလို၊ မန်ယူက အငှားခေါ်ယူထားတဲ့ အင်္ဂလန်တိုက်စစ်ကစားသမား ရပ်ရှ်ဖို့ဒ်ကိုလည်း အပြီးသတ်စာချုပ်ချုပ်ဆိုဖို့ စီစဉ်နေကြောင်း သိရပါတယ်။















