PDF များ ယာယီထိန်းချုပ်ထားသည့် မန္တလေး-သပိတ်ကျင်း- မိုးကုတ် ဆက်သွယ်ရေးလမ်းကြောင်းပေါ်ရှိ စစ်ဗျူဟာအရေးကြီးနေရာများနှင့် နယ်မြေခံတပ်ရင်းအား တပ်မတော်က ပြန်လည်သိမ်းပိုက်ရရှိခဲ့ကြောင်း သိရသည်။
တပ်မတော်စစ်ကြောင်းများအနေဖြင့် PDF အဖွဲ့များ ယာယီထိန်းချုပ်ထားသည့် မန္တလေးတိုင်းဒေသကြီး၊ မတ္တရာ မြို့နယ်၊ စဥ့်ကူးမြို့နယ်၊ သပိတ်ကျင်းမြို့နယ်များအား တစ်ခုပြီးတစ်ခု ပြန်လည်သိမ်းပိုက်ထိန်းချုပ်ခဲ့ပြီး မန္တလေး-မတ္တရာ-စဥ့်ကူး-သပိတ်ကျင်း ဒေသတစ်ဝိုက် တည်ငြိမ်အေးချမ်းမှုရှိစေရေးနှင့် ဆက်သွယ်ရေးလမ်းကြောင်းများအပေါ်တွင် ဒေသခံပြည်သူများနှင့် ခရီးသွားပြည်သူများ အသုံးပြုနိုင်ရေးအတွက် နယ်မြေလုံခြုံရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်ခဲ့ရာ မန္တလေး-မတ္တရာ-စဥ့်ကူး-သပိတ်ကျင်း ဆက်သွယ်ရေးလမ်းကြောင်းအား ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၃၁ ရက်နေ့တွင် အပြည့်အဝ ပြန်လည်ထိန်းချုပ်ဖွင့်လှစ်ပေးနိုင်ခဲ့ကြောင်း သိရသည်။
တပ်မတော်စစ်ကြောင်းများအနေဖြင့် သပိတ်ကျင်း-မိုးကုတ် ဒေသအနီးဝန်းကျင်ရှိ ဒေသခံပြည်သူများ၏ လူမှုစီးပွားဘဝများ လုံခြုံမှုရှိစေရေး၊ ကုန်စည်ကူးသန်းရောင်းဝယ်မှု လွယ်ကူလျင်မြန်စွာချောမွေ့စေရေးနှင့် နိုင်ငံ့စီးပွားတိုးတက်ရေးတို့အတွက် အထောက်အကူပြုသည့် မြေပေါ်/မြေအောက် သယံဇာတများ စနစ်တကျ စီမံဆောင်ရွက်နိုင်ရေးတို့အတွက် သပိတ်ကျင်း-မိုးကုတ် ဆက်သွယ်ရေးလမ်းကြောင်းအား အမြန်ဆုံး ပြန်လည်ဖွင့်လှစ်နိုင်ရေး အကြမ်းဖက်သောင်းကျန်းသူများ ယာယီစိုးမိုးထားသည့် နယ်မြေခံတပ်ရင်းဌာနချုပ်နှင့် ၎င်းဒေသတစ်ဝိုက်အား ပြန်လည်သိမ်းပိုက်ရရှိရေးအတွက် ဒေသခံပြည်သူများနှင့် အလင်းဝင်ရောက်လာသည့် PDF အဖွဲ့ဝင်များ၏ သတင်းပေးပို့မှုများကို ပေါင်းစပ်သုံးသပ်ပြီး နယ်မြေလုံခြုံရေးလုပ်ငန်းများကို စစ်ကြောင်းများခွဲ၍ ဆက်လက်ချီတက်ခဲ့ရာ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၁၁ ရက်နေ့တွင် ညောင်ပင်သာကျေးရွာအားလည်းကောင်း၊ ဇန်နဝါရီ ၁၂ ရက်တွင် ပိုးဇာနွယ်ကျေးရွာ အားလည်းကောင်း၊ ဇန်နဝါရီ ၁၃ ရက်တွင် ကျောက်လှည်းဘီးကျေးရွာအား လည်းကောင်း၊ ဇန်နဝါရီ ၁၄ ရက်တွင် အဆိုပါလမ်းကြောင်းပေါ်ရှိ နယ်မြေခံတပ်ရင်းဌာနချုပ်နှင့် စိန်ကုန်းကျေးရွာတစ်ဝိုက်တို့အားလည်းကောင်း တပ်မတော်စစ်ကြောင်းများက အပြည့်အဝ ပြန်လည်သိမ်းပိုက်ထိန်းချုပ်နိုင်ခဲ့ကြောင်း သိရသည်။
ထိုသို့ အဆိုပါဒေသအား ပြန်လည်တိုက်ခိုက်သိမ်းပိုက်ရရှိရေး အကြမ်းဖက်သောင်းကျန်းသူများနှင့် တိုက်ပွဲကြီး/ငယ် ၃၇ ကြိမ်ဖြစ်ပွားခဲ့ပြီး ရန်သူ့အလောင်း ၁၅ လောင်း၊ လက်နက်မျိုးစုံ ၃၄ လက်၊ ခဲယမ်းနှင့်ဆက်စပ်ပစ္စည်းများ သိမ်းပိုက်ရရှိခဲ့ပြီး တပ်မတော်မှအရာရှိ၊ စစ်သည်အချို့ ကျဆုံး၊ ဒဏ်ရာများရရှိခဲ့ကြောင်း သိရသည်။
တပ်မတော်စစ်ကြောင်းများအနေဖြင့် အဆိုပါဒေသအတွင်း လိုအပ်သည့် နယ်မြေစိုးမိုးရေးလုပ်ငန်းများဆောင်ရွက်ကာ စိန်ကုန်းကျေးရွာနှင့် မိုးကုတ်မြို့အကြား လမ်းပိုင်းတွင် ခိုအောင်းနေသည့် အကြမ်းဖက်သောင်းကျန်းသူများအား ဆက်လက်တိုက်ခိုက်ချေမှုန်းရှင်းလင်းသွားမည်ဖြစ်ပြီး ဒေသအတွင်းကုန်စည်ကူးသန်းရောင်းဝယ်မှု လွယ်ကူလျင်မြန်ချောမွေ့စေရေး၊ ခရီးသွားပြည်သူများ အန္တရာယ်ကင်းရှင်းစွာသွားလာနိုင်ရေးတို့အတွက် မိုးကုတ်-သပိတ်ကျင်း-မန္တလေးမြို့များသို့ ဆက်သွယ်ထားသည့် လမ်းကြောင်းများအား အမြန်ဆုံးပြန်လည် ဖွင့်လှစ်နိုင်ရေးတို့ကို ဒေသခံပြည်သူများနှင့်ပူးပေါင်း၍ နယ်မြေလုံခြုံရေးနှင့် နယ်မြေစိုးမိုးရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။















