၂၀၂၅ ခုနှစ်အတွင်း ကျပ် ၁၇၆၁ ဘီလျံကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများ၊ လက်နက်ခဲယမ်းများ၊ ဘိန်းချက်စခန်းတစ်ခုနှင့် စိတ်ကြွရူးသွပ်ဆေးပြား ထုတ်လုပ်သည့်စခန်း နှစ်ခုတို့အား ဖမ်းဆီးရမိ

၂၀၂၅ ခုနှစ်အတွင်း ကျပ် ၁၇၆၁ ဘီလျံကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများ၊ လက်နက်ခဲယမ်းများ၊ ဘိန်းချက်စခန်းတစ်ခုနှင့် စိတ်ကြွရူးသွပ်ဆေးပြား ထုတ်လုပ်သည့်စခန်း နှစ်ခုတို့အား ဖမ်းဆီးရမိ
Published 12 January 2026

၂၀၂၅ ခုနှစ်အတွင်း ကျပ် ၁၇၆၁ ဘီလျံကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများ၊ လက်နက်ခဲယမ်းများ၊ ဘိန်းချက်စခန်းတစ်ခုနှင့် စိတ်ကြွရူးသွပ်ဆေးပြား ထုတ်လုပ်သည့်စခန်း နှစ် ခုတို့အား ဖမ်းဆီးရမိကြောင်း မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။

မြန်မာနိုင်ငံ၏ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးလုပ်ငန်းများအား အမျိုးသားရေးတာဝန်တစ်ရပ်အနေဖြင့် သတ်မှတ်၍ တားဆီးနှိမ်နင်းရေးအဖွဲ့များဖြစ်သည့် တပ်မတော်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် အကောက်ခွန်ဦးစီးဌာနတို့မှ ဆက်စပ်ဌာနဆိုင်ရာများနှင့်ပူးပေါင်း၍ တစ်နိုင်ငံလုံးလွှမ်းခြုံသည့် မူးယစ်ဆေးဝါးသတင်းရယူ ဖော်ထုတ်ဖမ်းဆီးရမိရေး စီမံချက်ချမှတ်ပြီး တားဆီးနှိမ်နင်းရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့်ဆောင်ရွက်ခဲ့ရာ ၂၀၂၅ ခုနှစ်အတွင်း မူးယစ်ဆေးဝါးအမှုပေါင်း ၅၃၇၀ မှုမှ တရားခံ ၇၅၆၂ ဦးတို့အား ကျပ် ၁၇၆၁ ဒသမ ၃၂၄ ဘီလျံတန်ဖိုးရှိ ဘိန်း ၁ တန်ကျော်၊ ဘိန်းဖြူ ၂ ဒသမ ၁ တန်ကျော်၊ စိတ်ကြွရူးသွပ်ဆေးပြား ၃၇၇ သန်းကျော်၊ အိုက်စ် ၃၇ ဒသမ ၈ တန်ကျော်၊ ဘိန်းစာရွက် ၁ ဒသမ ၅ တန်ကျော်၊ HAPPY WATER ၂၀၄ ကီလိုကျော်၊ ကက်တမင်း ၁၅ တန်ကျော်အပါအဝင် အခြားမူးယစ်ဆေးဝါးများနှင့်အတူ မောင်းပြန်ရိုင်ဖယ် ၂ လက်၊ ပစ္စတိုသေနတ် ၄၀ လက်၊ လုပ်သေနတ် ၂ လက်၊ ကျည်မျိုးစုံ ၂,၇၆၄ တောင့်၊ လက်ပစ်ဗုံး ၅ လုံးနှင့် ဒီတိုနေတာမျိုးစုံ ၁၈၇,၄၀၀ ချောင်းတို့အား ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

အလားတူ မူးယစ်ဆေးဝါးထုတ်လုပ်ရာတွင်အသုံးပြုရန် တရားမဝင်တင်သွင်းလာသည့် ထိန်းချုပ်ဓာတုပစ္စည်း Caffeine ၂၂ ဒသမ ၇ တန်ကျော်၊ Acetone ၉၆၀ လီတာ၊ Toluene ၅,၀၄၀ လီတာကျော်၊ Ammonium Chloride ၅ တန်၊ Sodium Cyanide ၂ တန်ကျော်၊ အခြားဓာတုပစ္စည်းများဖြစ်သည့် Sodium Carbonate ၅ တန်၊ Acetic Acid ၂၅,၆၀၀ လီတာကျော်၊ Nitric Acid ၃,၈၂၀ လီတာအပါအဝင် ထိန်းချုပ်ဓာတုပစ္စည်းများနှင့် အခြားဓာတုပစ္စည်းများအား ဖမ်းဆီးရမိခဲ့ပြီး ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုင်းရယ်မြို့နယ်၊ ပုံတတ်ကျေးရွာအနီး၌ ဘိန်းချက်စခန်း ၁ ခုအား ဆက်စပ်ပစ္စည်းများနှင့်လည်းကောင်း၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့နယ်၊ မိုင်းဟဲ(အောက်)ကျေးရွာအနီး၌ စိတ်ကြွရူးသွပ်ဆေးပြား ထုတ်လုပ်သည့်စခန်း ၂ ခုအား ဆက်စပ်ပစ္စည်းများနှင့်လည်းကောင်း၊ တာချီလိတ်မြို့နယ်၊ ဝမ်ကောင်းမွန်ကျေးရွာရှိနေအိမ်မှ ဆေးပြားရိုက်စက်နှင့် ဆက်စပ်ပစ္စည်းများအားလည်းကောင်း ဖော်ထုတ်ဖမ်းဆီးအရေးယူနိုင်ခဲ့ကြောင်း သိရသည်။

ထို့ပြင် ၂၀၂၅-၂၀၂၆ ဘိန်းစိုက်ရာသီတွင် ရှမ်းပြည်နယ်(တောင်ပိုင်း)နှင့် ရှမ်းပြည်နယ်(အရှေ့ပိုင်း)တို့၌ ဘိန်းစိုက်ခင်းများအား တပ်မတော်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် ဆက်စပ်ဌာနဆိုင်ရာများ၊ ဌာနေပြည်သူ့စစ်အဖွဲ့ဝင်များ၊ ဒေသခံပြည်သူ့လုံခြုံရေးနှင့် အကြမ်းဖက်နှိမ်နင်းရေးအဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့ဖြင့် ဘိန်းစိုက်ခင်း စုစုပေါင်း ၅၀၈၄ ဒသမ ၅ ဧက(၂၀၅၇ ဒသမ ၆၆ ဟက်တာ)အား ဖျက်ဆီးနိုင်ခဲ့ပြီး ဆက်လက်ဖျက်ဆီးလျက်ရှိကြောင်း မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။

Most Read

Most Recent