မအူပင်မြို့၌ စက်သုံးဆီဆိုင်မီးလောင်မှု ဖြစ်ပွားခဲ့ပြီး တစ်ဦးသေဆုံးကာ ငါးဦးဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
အဆိုပါမီးလောင်မှူဖြစ်စဉ်မှာ ဇန်နဝါရီ ၆ ရက် မွန်းလွဲ ၁၂ နာရီကျော်အချိန်က မအူပင်မြို့နယ်၊ အမှတ်(၅)ရပ်ကွက်၊ (၇)လမ်း၌ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
“ပေပါကနေ ပလပ်စတစ်ပုံးထဲကို လက်ရိုက်ပန့်(လက်လှည့်ပန့်)ဖြင့် ဆီဖလှယ်ရာကနေ တည်ငြိမ်လျပ်စစ်ဖြစ်ပေါ်ပြီး ပတ်ဝန်းကျင်ရှိ လောင်စာဆီအငွေ့များမှ စတင်လောင်ကျွမ်းခြင်းဖြစ်ပါတယ်။ ဆိုင်ကငါးဦး၊ အပြင်လူ တစ်ဦး စုစုပေါင်း ခြောက်ဦး ဒဏ်ရာရတယ်။ အမျိုးသား ငါးဦး အမျိုးသမီး တစ်ဦးပေါ့။ ဆေးရုံရောက်ပြီးချိန်မှာတော့ တစ်ဦးဆုံးသွားတယ်လို့သိရပါတယ်” ဟု မီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
ယင်းမီးလောင်မှုဖြစ်ပွားရာနေရာသို့ မအူပင်ခရိုင်မီးသတ်စခန်းမှ နှစ်စီး၊ မြို့နယ်မီးသတ်စခန်းမှ သုံးစီး စုစုပေါင်း မီးသတ်ယာဉ် ငါးစီးနှင့် မီးသတ်တပ်ဖွဲ့ဝင်များထွက်ခွာငြှိမ်းသတ်ခဲ့ကြောင်း သိရသည်။















