မိုင်းပေါက်မြို့ ရေကြီးမှု ကယ်ဆယ်ရေးဆောင်ရွက်နေသည့် " ဝ" ရဲအရာရှိ အပါအဝင် သေဆုံးသူ လေးဦးအထိရှိလာသည်ဟု " ဝ" လူငယ်အသံက သတင်းဖော်ပြသည်။
ရေကြီးမှုမှာ ဇူလိုင် ၂၂ ရက်တွင် စတင်ဖြစ်ပွားခြင်းဖြစ်ပြီး ထိခိုက်ပျက်စီးမှုလည်း များပြားနေသည်ဟု သိရသည်။
၂၇ နှစ်အရွယ်ရှိ ချင်ဟွာ အမည်ရှိ သေဆုံးသည့် ရဲအရာရှိမှာ ဇူလိုင် ၂၂ ရက်က ရေကြီးမှုကြောင့် အဖြူရောင် Alpha ကားတစ်စီးအတွင်း ပိတ်မိနေသူနှစ်ဦးကို ကယ်ဆယ်ရန် ကြိုးစားစဉ် သေဆုံးခဲ့ခြင်းဖြစ်သည်။
ထို့ပြင် သေဆုံးသူ ရဲအရာရှိအပါအဝင် လေးဦးမှာ အမျိုးသား သုံးဦးနှင့် အမျိုးသမီး တစ်ဦးတို့ဖြစ်ကာ နှစ်ဦး၏ ရုပ်အလောင်းကိုသာ ရှာဖွေတွေ့ရှိထားပြီး နှစ်ဦး၏ ရုပ်အလောင်းကို မတွေ့သေးကြောင်း သိရသည်။
မိုင်းပေါက်မြို့ ရေကြီးမှုမှာ တောင်ကျရေများကြောင့်ဖြစ်ပြီး ယမန်နှစ် သြဂုတ်လနှင့် စက်တင်ဘာလကလည်း ရေကြီး၊ ရေလျှံမှုများဖြစ်ပေါ်ခဲ့ကာ ထိခိုက်ပျက်စီးဆုံးရှုံးမှု များပြားခဲ့ကြောင်း ဒေသခံများကို ကိုးကားပြီး သတင်းဖော်ပြသည်။
လက်ရှိတွင် "ဝ" ပြည်နယ် တရားစီရင်ရေးကော်မတီဌာနက ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေပြီး "ဝ" ပြည်နယ် သတင်းထုတ်ပြန်ရေးဌာနကလည်း အရေးပေါ် မုန်တိုင်းအထူးသတိပြုကြရန် ထုတ်ပြန်ထားကြောင်း သိရသည်။
မိုင်းပေါက်မြို့မှာ ရှမ်းပြည်နယ်အရှေ့ပိုင်း " ဝ" ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင် တည်ရှိသည်။
ဓာတ်ပုံ - WSP & WSTV















