ဘာစီလိုနာအသင်း၏ အားကစားဒါရိုက်တာဖြစ်သူ ဒေကိုက မိမိတို့အသင်းသည် လာမည့်ရာသီတွင်လည်း အောင်မြင်မှုများ ဆက်လက်ရယူနိုင်ရန် ကြိုးပမ်းသွားမည်ဖြစ်ကြောင်းနှင့် ကလပ်အသင်း၏ ဘဏ္ဍာရေးအခြေအနေမှာ ရီးယဲလ်မက်ဒရစ်ကိုပင် ယှဉ်ပြိုင်နိုင်စွမ်းရှိကြောင်း၊ ကစားသမားသစ်များ ထပ်မံခေါ်ယူရန်အတွက် အသင်းက မည်သည့်ကစားသမားကိုမျှ ရောင်းထုတ်နေရန် မလိုအပ်ကြောင်း ပြောကြားခဲ့သည်။
ဘာစီလိုနာအသင်းသည် ယခုရာသီတွင် လာလီဂါအမှတ်ပေးဖလားအပါအဝင် ပြည်တွင်းဖလား (၂) လုံးကို သိမ်းပိုက်နိုင်ခဲ့သလို၊ ချန်ပီယံလိဂ်ပြိုင်ပွဲတွင်လည်း ဆီမီးဖိုင်နယ်အဆင့်အထိ တက်ရောက်နိုင်ခဲ့ပြီးမှ ပြိုင်ပွဲမှထွက်ခွာခဲ့ရခြင်းဖြစ်သည်။
ယခုရာသီ ကလပ်အသင်း၏ ကွင်းတွင်းအောင်မြင်မှုများကြောင့် ဘာစီလိုနာအသင်း၏ ကွင်းပြင်ပဘဏ္ဍာရေးအခြေအနေမှာ ပိုမိုအားကောင်းလာမည့် အလားအလာများရှိနေချိန်တွင် ဒေကိုကလည်း မိမိတို့ အသင်းသည် ငွေကြေးအင်အားပိုင်းတွင် ရီးယဲလ်မက်ဒရစ်ကိုပင် ယှဉ်ပြိုင်နိုင်စွမ်းရှိကြောင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။
ဘာစီလိုနာအသင်းသည် ပြီးခဲ့သည့် တနင်္လာနေ့ကပင် စပိန်အားကစားကောင်စီထံတွင် ဒန်နီအော်လ်မို၏ မှတ်ပုံတင်ခြင်းကိစ္စရပ်နှင့် ပတ်သက်သည့် ရှင်းလင်းမှုများ ပြုလုပ်ခဲ့ပြီးဖြစ်သလို၊ အသင်း၏ ကြယ်ပွင့်များဖြစ်သည့် လာမင်းယမားလ်၊ ရာဖင်ညာနှင့် အသင်းနည်းပြ ဟန်ဆီဖလစ်ခ်တို့ကိုလည်း သက်တမ်းတိုးစာချုပ်ချုပ်ဆိုခြင်းများပြုလုပ်နိုင်ခဲ့သည်။
ဒေကိုက ''ဘာစီလိုနာက ကျွန်တော့်ကလပ်ပါ။ ကျွန်တော် ဘာစီလိုနာအသင်းကို ချစ်ပါတယ်။ ကျွန်တော် ဒီအသင်းကို ရောက်မလာခင်ကတည်းက ဘာစီလိုနာအသင်းဖြစ်ပျက်နေတာတွေကို ကြည့်ပြီး အရင်လိုအဆင့်အတန်းမျိုးရောက်အောင် ကျွန်တော်ကူညီနိုင်လိမ့်မယ်လို့ အမြဲယုံကြည်ခဲ့ပါတယ်။ ကျွန်တော် ဘာစီလိုနာအသင်းကို ရောက်ချိန်မှာ သိလိုက်ရတာက ကျွန်တော်တို့ အသင်းဟာ ဘဏ္ဍာရေးပြဿနာ ကြုံနေရတာ မဟုတ်ဘဲ ဘဏ္ဍာရေးစည်းမျဉ်းတွေရဲ့ ပြဿနာကို ကြုံတွေ့နေရတာပါ။ စပိန်မှာ ဘဏ္ဍာရေးသာတူညီမျှစည်းမျဉ်းတွေက ပရီးမီးယားလိဂ်အပါအဝင် တခြားလိဂ်ပြိုင်ပွဲတိုင်းထက် ပိုကျပ်တည်းပါတယ်။ တကယ်တော့ အားလုံးက ဘာစီလိုနာအကြောင်းပဲ ကြားနေတယ်ဆိုတာ ဒီအသင်းက အသင်းကြီး ဖြစ်နေလို့ပါ။ စပိန်မှာ အသင်းတော်တော်များများက ဒီစည်းမျဉ်းကြောင့် အခက်တွေ့နေကြတာပါ။ ကျွန်တော်တို့ ဒီအခြေအနေကို ပြန်ပြင်နိုင်ဖို့အတွက် ကစားသမားကောင်းတွေနဲ့ လာမာစီယာကို ပြန်လည်ပေါင်းစပ်ပြီး အသင်းကို တိုးတက်စေခဲ့ပါတယ်။ ဒါကြောင့် ဘာစီလိုနာအသင်းဟာ အခုအချိန်မှာ လမ်းကြောင်းမှန်ပေါ် ပြန်ရောက်နေပါပြီ။ ကျွန်တော်တို့အသင်းရဲ့ ငွေကြေးအင်အားက ရီးယဲလ်မက်ဒရစ်ကိုတောင် ယှဉ်နိုင်ပြီး ကစားသမားသစ်ခေါ်ဖို့ ဘယ်သူ့ကိုမှ ရောင်းစရာမလိုပါဘူး''ဟုဆိုခဲ့သည်။















