ဘန်ကောက်အဆောက်အအုံ ပြိုကျမှုနှင့် ဆက်နွှယ်၍ အမှုဆောင်တစ်ဦးကို ဖမ်းဆီး

ဘန်ကောက်အဆောက်အအုံ ပြိုကျမှုနှင့် ဆက်နွှယ်၍ အမှုဆောင်တစ်ဦးကို ဖမ်းဆီး
Published 20 April 2025

ငလျင်လှုပ်ခတ်မှုကြီးကြောင့် ပြိုကျသွားခဲ့သော ဘန်ကောက်မိုးမျှော် တိုက်တစ်တိုက်ကို တည်ဆောက်ခဲ့သည့် ကုမ္ပဏီတစ်ခုမှ တရုတ်အမှုဆောင်တစ်ဦးကို ဖမ်းဆီးခဲ့သည်ဟု ထိုင်းအာဏာပိုင်များက ပြောကြားခဲ့သည်။

လွန်ခဲ့သည့်လက အိမ်နီးချင်းမြန်မာနိုင်ငံတွင် ရစ်ချ်တာစကေး ၇ ဒသမ ၇ ပြင်းအားရှိ ငလျင်တစ်ခု လှုပ်ခတ်ချိန်တွင် အထပ် ၃၀ အမြင့်ရှိ အဆောက်အအုံသည် ပြိုကျခဲ့ကာ ဆောက်လုပ်ရေး လုပ်ငန်းခွင်ရှိ လူ ၄၇ ဦးသေဆုံးခဲ့ပြီး နောက်ထပ် ၄၇ ဦး ပျောက်ဆုံးလျက် ရှိသည်။

ထိုင်းတရားရုံးတစ်ရုံးက နိုင်ငံခြားစီးပွားရေး အက်ဥပဒေချိုးဖောက်မှုဖြင့် China Railway No.10 ကုမ္ပဏီမှ ထိုင်းနိုင်ငံသားသုံးဦးအပါအဝင် လေးဦးကို ဖမ်းဆီးမိန့်ထုတ်ပြန်ခဲ့ကြောင်း တရားရေးဝန်ကြီး တာဝီဆော့ဆန် က ဧပြီ ၁၉ ရက်တွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ တစ်ခု၌ ပြောကြားခဲ့သည်။

ဖမ်းဆီးခံရသူ လေးဦးထဲမှ တစ်ဦးမှာ ကျန်းအမည်ရှိ တရုတ်ကုမ္ပဏီမှ ကိုယ်စားလှယ် တစ်ဦးဖြစ်ကြောင်း တရားရေးဝန်ကြီးဌာန လက်အောက်ရှိ အထူးစုံစမ်းစစ်ဆေးရေးဌာနက ထုတ်ပြန်ချက်တွင် ပြောကြားခဲ့သည်။

China Railway No.10 ကုမ္ပဏီသည်  အစိုးရစာရင်းစစ်ရုံး တာဝါကို တည်ဆောက်ရန် အီတလီ-ထိုင်းကုမ္ပဏီ တစ်ခုနှင့်အတူ ဖက်စပ်လုပ်ဆောင်မှု၏ တစ်စိတ်တစ်ပိုင်းဖြစ်သည်။

ကျန်းသည် ယင်းကုမ္ပဏီတွင် ရှယ်ယာ ၄၉ ရာခိုင်နှုန်း ပိုင်ဆိုင်ထားပြီး ထိုင်းနိုင်ငံသား သုံးဦးက ကုမ္ပဏီတွင် ရှယ်ယာ ၅၁ ရာခိုင်နှုန်း ပိုင်ဆိုင်ထားသည်။

“ထိုင်းနိုင်ငံသားသုံးဦးက အခြားပြည်ပ ပုဂ္ဂလိကကုမ္ပဏီတွေရဲ့ ရှယ်ယာတွေကိုလည်း ကိုင်ထားတယ်ဆိုတဲ့ အထောက်အထားတွေ ရှိပါတယ်”ဟု တာဝီက သတင်းထောက်များကို ပြောကြားခဲ့သည်။

နိုင်ငံခြားစီးပွားရေး အက်ဥပဒေအရ ပြည်ပနိုင်ငံသားများသည် ကုမ္ပဏီတစ်ခုတွင် ရှယ်ယာများ၏ ၄၉ ရာခိုင်နှုန်းကျော်ကို ကိုင်ဆောင်နိုင်ဖွယ်မရှိဟု ဆိုထားသည်။

သီးခြားအခြေအနေအဖြစ် အဆောက်အအုံပြိုကျမှုနှင့် ဆက်နွှယ်၍ စုံစမ်းစစ်ဆေးမှုများကို ဆက်လက်လုပ်ဆောင်နေကြောင်း တာဝီက ပြောကြားခဲ့သည်။

ယင်းစုံစမ်းမှုများတွင် လေလံမသာမှုများ ဖြစ်နိုင်ခြေနှင့် ဆောက်လုပ်ရေးကြီးကြပ်ရေးမှူး ကန်ထရိုက်များတွင် အင်ဂျင်နီယာများ၏ လက်မှတ်အတုများ အသုံးပြုမှု အစရှိသည့် ကိစ္စရပ်များကို စုံစမ်းစစ်ဆေးလျက်ရှိသည်။

ယခုလအစောပိုင်းက ထိုင်းဘေးကင်း လုံခြုံရေးတာဝန်ရှိသူများ၏ ပြောပြချက်အရ  ကွန်ကရစ် အားဖြည့်မှုတွင် အသုံးပြုထားသော သံမဏိဒေါက်များကို စစ်ဆေးရာတွင် အသုံးပြုသည့် သတ္တုအချို့မှာ စံချိန်စံနှုန်းမ ပြည့်မီကြောင်း တွေ့ရှိခဲ့သည်ဟု ဆိုသည်။

ပြိုကျသော အဆောက်အအုံတွင် အသုံးပြုသော သံမဏိများကို ထိုင်းနိုင်ငံ ရယွန်ဒေသရှိ တရုတ်လုပ်ငန်းရှင် ရှင်ခဲယွမ်ပိုင်ဆိုင်သည့် စက်ရုံက ထုတ်လုပ်ထားခြင်း ဖြစ်သည်။

စံချိန်စံညွှန်းနှင့် မညီသော သံမဏိများကို ထုတ်လုပ်မှုကြောင့် ၂၀၂၄ ခုနှစ် ဒီဇင်ဘာလကတည်းက စက်ရုံပိတ်ထားရန် အမိန့်ချမှတ် ခံထားရသည်။

မတ် ၂၈ ရက်တွင် လှုပ်ခတ်ခဲ့သော ငလျင်ကြောင့် ဘန်ကောက်မြို့တော်တွင် ယင်းမိုးမျှော်အဆောက်အအုံ တစ်ခုတည်းသာ ပြိုကျခဲ့ပြီး ငလျင်ကြောင့် ထိုင်းနိုင်ငံနှင့် အိမ်နီးချင်း မြန်မာနိုင်ငံတို့တွင် သေဆုံးသူ ၃၇၀၀၀ ကျော် ရှိသည်ဟု သိရသည်။

Ref:AFP

                                                           

Most Read

Most Recent