အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က အမျိုးသမီးအားကစားပြိုင်ပွဲများတွင် လိင်ပြောင်းလဲထားသူ ပါဝင်ယှဉ်ပြိုင်မှုကို တားမြစ်ပိတ်ပင်သည့် အထူးအမိန့်တစ်ခုကို လက်မှတ်ရေးထိုးပြီး အတည်ပြုပြဋ္ဌာန်းခဲ့ကြောင်း သိရသည်။
ယင်းအမိန့်သည် လမ်းညွှန်ချက်၊ စည်းမျဉ်းစည်းကမ်းများနှင့် ဥပဒေရေးရာအဓိပ္ပာယ်ဖွင့်ဆိုချက်ဖြင့် အတည်ပြုပြဋ္ဌာန်းခဲ့သည်။
ရီပတ်ဘလီကန်များက အားကစားတွင် တရားမျှတမှုကို ပြန်လည်ဆောင်ကြဉ်းပေးနိုင်ခဲ့ကြောင်း ပြောကြားခဲ့သည်။
သို့သော် LGBT ထောက်ခံသူများနှင့် လူ့ အခွင့်အရေးအဖွဲ့အစည်းများက ယခုအပြောင်းအလဲသည် ခွဲခြားဆက်ဆံမှုဖြစ်ကြောင်း တုံ့ပြန်ခဲ့သည်။
ဥပဒေကဲ့သို့ အာဏာတည်သော ယင်းအမိန့်သည် ချက်ချင်းသက်ရောက်မည်ဖြစ်ပြီး အခြေခံလူထု၊ အထက်တန်းကျောင်းနှင့် တက္ကသိုလ်များတွင် ကျင်းပသည့် အားကစားပြိုင်ပွဲများပါ ယင်းအမိန့်အတိုင်း လိုက်နာကျင့်သုံးရမည်ဖြစ်သည်။
ရေကူး၊ ပြေးခုန်ပစ်နှင့် ဂေါ့ဖ်စသည့် ကမ္ဘာ့အားကစားအဖွဲ့ချုပ်များက အရွယ်ရောက်သည်အထိ ယောကျ်ာလေးအဖြစ် ရှိနေခဲ့လျှင် Elite Level အမျိုးသမီးအားကစားပြိုင်ပွဲများတွင် လိင်ပြောင်းလဲထားသည့် အမျိုးသမီးများ ပါဝင်ယှဉ်ပြိုင်ခွင့်ကို ပိတ်ပင်ထားခဲ့သည်။
အမေရိကန်မြေတွင် ကျင်းပမည့် နိုင်ငံတကာအိုလံပစ်ကော်မတီလက်အောက်ရှိ အားကစားပြိုင်ပွဲများတွင်လည်း လိင်ပြောင်းလဲထားသူများကို ပါဝင်ယှဉ်ပြိုင်ခွင့် ပိတ်ပင်ခဲ့ကြောင်း သိရသည်။
ယခုအမိန့်သည် လော့စ်အိန်ဂျလိစ်မြို့တွင် ကျင်းပမည့် ၂၀၂၈ နွေရာသီအိုလံပစ်ပြိုင်ပွဲအတွက် အကျုံးဝင်မည်ဖြစ်သည်။
သမ္မတဖြစ်သူ ဒေါ်နယ်ထရန့်က ၂၀၂၈ အိုလံပစ်ပြိုင်ပွဲတွင် အမေရိကန်သို့ လာရောက်ရန်ကြိုးပမ်းသည့် လိင်ပြောင်းလဲထားသူ အားကစားသမားများကို ပြည်ဝင်ခွင့်ဗီဇာ ငြင်းပယ်သွားမည်ဟု ပြောကြားခဲ့သည်။
''အမျိုးသမီးအားကစားရဲ့စစ်ပွဲက ပြီးဆုံးသွားပါပြီ။ ကျွန်တော့်ရုံးအဖွဲ့က အမျိုးသားတွေက အမျိုးသမီးအားကစားသမားတွေကို အနိုင်ယူတာကို ရပ်ကြည့်နေမှာ မဟုတ်ပါဘူး''ဟု ဒေါ်နယ်ထရန့်က ပြောကြားခဲ့သည်။
ထို့ပြင် ဒေါ်နယ်ထရန့်သည် လာမည့်တနင်္ဂနွေနေ့တွင် ယှဉ်ပြိုင်ကစားမည့် ကန်ဆက်စီးတီးချိဖ်အသင်းနှင့် ဖယ်လာဒဲဖီးယားအီးဂဲလ်တို့၏ Super Bowl ပွဲစဉ်ကို တက်ရောက်ကြည့်ရှုမည်ဖြစ်ပြီး ယင်းပွဲကို ကြည့်ရှုသည့် ပထမဆုံးအမေရိကန်သမ္မတ ဖြစ်လာမည်ဖြစ်သည်။















