ယူကရိန်းနှင့် ဆွေးနွေးရန် အသင့်ရှိနေဟု ရုရှားသမ္မတ ဗလာဒီမာပူတင် ပြောကြား

ယူကရိန်းနှင့် ဆွေးနွေးရန် အသင့်ရှိနေဟု ရုရှားသမ္မတ ဗလာဒီမာပူတင် ပြောကြား
Published 5 September 2024
Ref:AFP

ယူကရိန်းနှင့် ဆွေးနွေးမှုများပြုလုပ်ရန် အသင့်ရှိနေကြောင်း ရုရှားသမ္မတဗလာဒီမာပူတင်က စက်တင်ဘာ ၅ ရက်တွင် ပြောကြားခဲ့သည်။

ယူကရိန်းက ကာ့စ်ဒေသအား ဆက်လက်ထိုးစစ်ဆင်နေစဉ် ဆွေးနွေးညှိနှိုင်းမှုများ ပြုလုပ်မည့် ယူဆချက်များကို ပူတင်က အစောပိုင်းတွင် ပယ်ချခဲ့သည်။ သြဂုတ်လထဲတွင် ယူကရိန်းက မကြုံစဖူးအဖြစ် နယ်စပ်ဖြတ်ကျော်၍ ရုရှားနိုင်ငံ ကာ့စ်ဒေသထဲသို့ ကျူးကျော်ဝင်ရောက်ကာ ကျေးရွာအချို့ကို သိမ်းယူခဲ့သည်။

ထို့နောက်တွင် ပူတင်က ဆွေးနွေးညှိနှိုင်းမှုများ ရှိလာနိုင်မည်မဟုတ်ဟု ပြောဆိုထားသည်။ ရုရှားနိုင်ငံ ဗလာဒီဗော့ စတော့ခ်မြို့တွင် ပြုလုပ်သည့် အရှေ့ဖျား စီးပွားရေးဖိုရမ် အမေးအဖြေကဏ္ဍတွင် ပူတင်က ရုရှားအနေဖြင့် ဆွေးနွေးမှုများ ပြုလုပ်ရန် အသင့်ရှိနေသော်လည်း ပျက်ပြယ်သွားသည့် ၂၀၂၂ ခုနှစ်က အစ္စတန်ဘူတွင် ရုရှားနှင့် ယူကရိန်း စေ့စပ်ညှိနှိုင်းသူများအကြား ရရှိခဲ့သည့် သဘောတူညီချက်ကို အခြေခံရမည်ဖြစ်ကြောင်း ပူတင်က ဆိုသည်။

ယင်းသဘော တူညီချက်ပါ အကြောင်းအရာများကို ဘယ်သောအခါမှ လူသိရှင်ကြား ထုတ်ပြန်ခဲ့ခြင်းမရှိပေ။

“ကျွန်တော်တို့ဘက်က သူတို့နဲ့ ဆွေးနွေးဖို့အသင့်ရှိနေလားလို့ မေးရင်တော့ အဲဒီလိုလုပ်ဖို့ ဘယ်တုန်းကမှ မငြင်းခဲ့ပါဘူး။ ဒါပေမဲ့ ယာယီတောင်းဆိုချက်တွေကို အခြေခံမှာမဟုတ်ဘဲ အစ္စတန်ဘူမှာ သဘောတူခဲ့ပြီး အမှန်တကယ် လက်မှတ်ရေးထိုးခဲ့တဲ့ စာချုပ်စာတမ်းတွေကို အခြေခံပြီး ဆွေးနွေးရမှာဖြစ်တယ်” ဟု ပူတင်က ပြောကြားခဲ့သည်။

Most Read

Most Recent