ရုရှားနယ်စပ်ကို ယူကရိန်းက ကျူးကျော်ဝင်ရောက်ခြင်းသည် တရားဝင်မှုရှိကြောင်း နေတိုးအကြီးအကဲ ပြောကြား

ရုရှားနယ်စပ်ကို ယူကရိန်းက ကျူးကျော်ဝင်ရောက်ခြင်းသည် တရားဝင်မှုရှိကြောင်း နေတိုးအကြီးအကဲ ပြောကြား
Published 31 August 2024

ရုရှား၏နယ်စပ်ဒေသဖြစ်သည့် ကာ့စ်ဒေသကို ယူကရိန်းက ကျူးကျော်ဝင်ရောက်တိုက်ခိုက်ခြင်းသည် တရားဝင်မှုရှိပြီး ယူကရိန်း၏ မိမိကိုယ်ကိုယ်ခုခံကာကွယ်ပိုင်ခွင့်အရ အကျုံးဝင်သက်ရောက်မှုရှိကြောင်း နေတိုးအကြီးအကဲ ဂျန်းစတိုတန်ဘာ့ချ်က ပြောကြားခဲ့သည်။

"ယူကရိန်းမှာ မိမိကိုယ်ကိုယ်ခုခံပိုင်ခွင့်ရှိပါတယ်။ နိုင်ငံတကာတရားဥပဒေအရ မိမိကိုယ်ကိုယ်ခုခံပိုင်ခွင့်ဟာ နယ်စပ်ဒေသမှာတင် ရပ်တန့်မသွားပါဘူး" ဟု စတိုတန်ဘာ့ချ်က ဂျာမနီနိုင်ငံ၏ Welt am Sonntag သတင်းစာကိုပြောကြားခဲ့ပြီး ယူကရိန်းသည် ရုရှားနယ်စပ်အားဝင်ရောက်တိုက်ခိုက်မည့်အစီအစဉ်နှင့်ပတ်သက်ပြီး နေတိုးအဖွဲ့ကို ကြိုတင်အကြောင်းကြားခဲ့ခြင်းမရှိကြောင်း ထပ်လောင်းပြောဆိုခဲ့သည်။

ယူကရိန်းသည် ရုရှား၏နယ်နိမိတ်အတွင်းသို့ အရဲစွန့်ဝင်ရောက်နေခြင်းဖြစ်သော်လည်း ထိုစစ်ဆင်ရေးကို မည်ကဲ့သို့ ဆက်လက်လုပ်ဆောင်မည်ဆိုခြင်းသည် ယူကရိန်းအပေါ်တွင်သာ မူတည်ကြောင်း စတိုတန်ဘာ့ချ်က ပြောကြားခဲ့သည်။

"ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇယ်လန်စကီးကတော့ နယ်စပ်ဒေသကနေ ရုရှားရဲ့ တိုက်ခိုက်မှုတွေကို ဟန့်တားဖို့ ကြားခံနယ်မြေတစ်ခု ဖန်တီးချင်တဲ့ရည်ရွယ်ချက်နဲ့ ဒီစစ်ဆင်ရေးကို လုပ်ဆောင်နေတယ်ဆိုတာ ရှင်းရှင်းလင်းလင်း ပြောကြားခဲ့ပါတယ်။စစ်ဆင်ရေးအားလုံးဟာ အရဲစွန့်ပြီးလုပ်ဆောင်ရတာဖြစ်ပါတယ်။ ဒါပေမယ့် ယူကရိန်းဟာ ကိုယ့်ကိုယ်ကိုယ်ခုခံကာကွယ်ဖို့ ဒီစစ်ဆင်ရေးလုပ်ဆောင်ခဲ့တာပါ" ဟု စတိုတန်ဘာ့ချ်က ပြောကြားခဲ့သည်။

ယူကရိန်းတပ်ဖွဲ့များသည် ဩဂုတ် ၆ ရက်က ရုရှားနယ်စပ်ကိုဖြတ်ကျော်ပြီး ကာ့စ်ဒေသကို အံအားသင့်ဖွယ်ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး ရုရှားတပ်များကလည်း ယူကရိန်း၏ အရှေ့ပိုင်းတွင် ထိုးစစ်ကို အရှိန်မြှင့်တင်လျက်ရှိသည်။

Ref:Reuters

See Translation

Most Read

Most Recent