မြောက်ကိုရီးယားက ပဲ့ထိန်းစနစ်တပ်ဆင်ထားသည့် အတွဲလိုက်ဒုံးပစ်လောင်ချာကို စမ်းသပ်ပစ်လွှတ်

မြောက်ကိုရီးယားက ပဲ့ထိန်းစနစ်တပ်ဆင်ထားသည့် အတွဲလိုက်ဒုံးပစ်လောင်ချာကို စမ်းသပ်ပစ်လွှတ်
KCNA သတင်းဌာနက ထုတ်ပြန်သည့်ဓာတ်ပုံတွင် မြောက်ကိုရီးယား၏ အမည်ဖော်ပြမထားသည့်နေရာတစ်ခု၌၂၄၀ မမ အတွဲလိုက်ဒုံးပစ်လောင်ချာ စမ်းသပ်ပစ်လွှတ်နေသည့်မြင်ကွင်းကို တွေ့ရစဉ်(Photo:AFP)
KCNA သတင်းဌာနက ထုတ်ပြန်သည့်ဓာတ်ပုံတွင် မြောက်ကိုရီးယား၏ အမည်ဖော်ပြမထားသည့်နေရာတစ်ခု၌၂၄၀ မမ အတွဲလိုက်ဒုံးပစ်လောင်ချာ စမ်းသပ်ပစ်လွှတ်နေသည့်မြင်ကွင်းကို တွေ့ရစဉ်(Photo:AFP)
Published 28 August 2024

မြောက်ကိုရီးယားသည် ပဲ့ထိန်းစနစ်တပ်ဆင်ထားသည့် ၂၄၀ မမ အတွဲလိုက် ဒုံးပစ်လောင်ချာတစ်ခုကို စမ်းသပ်ပစ်လွှတ်ခဲ့ပြီး ထိုစမ်းသပ်မှုကို ခေါင်းဆောင်ကင်ဂျုံအွန်က ကြီးကြပ်ခဲ့ကြောင်း နိုင်ငံပိုင် KCNA သတင်း အေဂျင်စီက ဖော်ပြခဲ့သည်။

မြောက်ကိုရီးယားသည် တောင်ကိုရီးယား၏ ဆိုးလ်မြို့တော်ကို ပစ်ခတ်နိုင်စွမ်းရှိသည့် ၂၄၀ မမ အတွဲလိုက်ဒုံးပစ်လောင်ချာအသစ်ကို စစ်တပ်အား တပ်ဆင်ပေးသွားမည်ဟု ပြောကြားခဲ့ပြီးနောက် သုံးလအကြာတွင်  ယခုစမ်းသပ်မှုကို ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

နိုင်ငံတကာအသိုင်းအဝိုင်း၏ ဖယ်ကြဉ်ခံထားရသည့် မြောက်ကိုရီးယားသည် မကြာသေးမီက ရုရှားနှင့် ဆက်ဆံရေးတိုးမြှင့်မှုနှင့်အတူ ယူကရိန်းစစ်ပွဲတွင် ရုရှားကို လက်နက်ထောက်ပံ့ရန် လက်နက်ကြီးများနှင့် ခရုဇ်ဒုံးကျည်များ ထုတ်လုပ်မှုနှင့် စမ်းသပ်မှုကို အရှိန်မြှင့်တင်ဖွယ်ရှိကြောင်း ကျွမ်းကျင်သူများက ပြောကြားခဲ့သည်။

အမေရိကန်နှင့် တောင်ကိုရီးယားတို့ကလည်း မြောက်ကိုရီးယားသည် ယူကရိန်းစစ်ပွဲတွင် ရုရှားအား လက်နက်ခဲယမ်းများနှင့် ဒုံးကျည်များ ထောက်ပံ့ပေးနေသည်ဟု စွပ်စွဲခဲ့ပြီး မြောက်ကိုရီးယားကမူ ထိုစွပ်စွဲချက်များကို ငြင်းဆိုခဲ့သည်။

ယခုစမ်းသပ်ခဲ့သည့် အတွဲလိုက်ဒုံး ပစ်လောင်ချာသည် အသုံးပြုရလွယ်ပြီး ပစ်ခတ်နိုင်မှုစွမ်းအားကို နည်းဗျူဟာမြောက် အဆင့်မြှင့် တင်ထားခြင်းဖြစ်ကြောင်း KCNA က သြဂုတ် ၂၈ ရက်တွင် ထုတ်ပြန်ခဲ့သည်။

အဆင့်မြှင့်တင်မွမ်းမံမှုများတွင် ပဲ့ထိန်းစနစ်၊ ထိန်းချုပ်နိုင်စွမ်းနှင့် အဖျက်စွမ်းအားများပါဝင်ကြောင်း KCNA က ဖော်ပြခဲ့သည်။

ထိုဒုံးပစ်လောင်ချာစမ်းသပ်မှုတွင် ကင်မ်က မြောက်ကိုရီးယားစစ်တပ်အတွက် လက်နက်ကြီးအစိတ်အပိုင်း အသစ်များ ထုတ်လုပ်ပေးရန်နှင့် လက်နက်တပ်ဆင်ပေးရန် အရေးကြီးသည့် မူဝါဒကို ဆက်လက်လုပ် ဆောင်ရန် ညွှန်ကြားခဲ့သည်ဟု ဆိုသည်။

မြောက်ကိုရီးယားသည် ရန်သူ့ပစ်မှတ်များကို ဝင်တိုက်ပြီး ဖောက်ခွဲတိုက်ခိုက်ရန် ရည်ရွယ်ထုတ်လုပ်ထားသည့် အသေခံဒရုန်းကို ထုတ်ဖော်ပြသပြီး နှစ်ရက်အတွင်းမှာပင်  အတွဲလိုက်ဒုံးပစ်လောင်ချာတစ်ခုကို စမ်းသပ် ခဲ့ခြင်းဖြစ်သည်။

မြောက်ကိုရီးယားသည် အတွဲလိုက်ဒုံး ပစ်လောင်ချာအတွက် ထိန်းချုပ်ရေးစနစ်သစ်တစ်ခုကို ထုတ်လုပ်ခဲ့ကြောင်း ဖေဖော်ဝါရီလက ပြောကြားခဲ့ပြီး မေလအတွင်းကလည်း အဆင့်မြှင့်တင်ထားသည့် ဒုံးပစ်လောင်ချာတစ်ခုကို မြောက်ကိုရီးယားစစ်တပ်အတွက် ၂၀၂၄ ခုနှစ်မှ ၂၀၂၆ ခုနှစ်အတွင်းလက်နက် အစားထိုး တပ်ဆင်ပေးသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ခဲ့သည်။

မြောက်ကိုရီးယား၏ သက်တမ်းအို ဟောင်းနေသည့် အတွဲလိုက်ဒုံးပစ်လောင်ချာကို ၁၉၈၀ ပြည့်နှစ်ဝန်းကျင်များက ထုတ်လုပ်ခဲ့ပြီး ထိုဒုံးပစ်လောင်ချာသည် တောင်ကိုရီးယား၏ ဆိုးလ်မြို့တော်ဒေသနှင့် ရှေ့တန်းတပ်ဖွဲ့များကို ပစ်ခတ်တိုက်ခိုက်နိုင်စွမ်းရှိသော်လည်း အဖျက်စွမ်းအားနှင့် တိကျမှုအပိုင်းတွင် အားနည်းချက်ရှိကြောင်း တောင်ကိုရီးယား၏ အမျိုးသားပြန်လည်ပေါင်းစည်းရေးဌာနမှ ကျွမ်းကျင်သူ ဟောင်မင်က ပြောကြားခဲ့သည်။

ထို့ပြင်မြောက်ကိုရီးယား၏ သက်တမ်းအိုဟောင်းနေသည့် လက်နက်များသည် အမေရိကန်နှင့် တောင်ကိုရီးယားတို့၏ လက်နက်အင်အားကို အသာစီးရရန် ခက်ခဲလိမ့်မည်ဟုလည်း ဟောင်က ပြောကြားခဲ့သည်။

Ref:AFP

Most Read

Most Recent