တောင်တရုတ်ပင်လယ်နှင့် ပတ်သက်ပြီး တရုတ်နှင့် အငြင်းပွားမှုတွင် အလျှော့ပေးမည် မဟုတ်ကြောင်း ဖိလစ်ပိုင် ပြောကြား

တောင်တရုတ်ပင်လယ်နှင့် ပတ်သက်ပြီး တရုတ်နှင့် အငြင်းပွားမှုတွင် အလျှော့ပေးမည် မဟုတ်ကြောင်း ဖိလစ်ပိုင် ပြောကြား
ဖေဖော်ဝါရီ ၁၅ ရက်က တောင်တရုတ်ပင်လယ်အတွင်းရှိ ပိုင်ဆိုင်မှုအငြင်းပွားနေသည့် ရေပြင်အတွင်း တရုတ်ကမ်းခြေစောင့်တပ်ဖွဲ့၏ သင်္ဘောတစ်စင်းနှင့်  ဖိလစ်ပိုင်းငါးဖမ်းလှေများကို တွေ့ရစဉ်(Photo:AFP)
ဖေဖော်ဝါရီ ၁၅ ရက်က တောင်တရုတ်ပင်လယ်အတွင်းရှိ ပိုင်ဆိုင်မှုအငြင်းပွားနေသည့် ရေပြင်အတွင်း တရုတ်ကမ်းခြေစောင့်တပ်ဖွဲ့၏ သင်္ဘောတစ်စင်းနှင့်  ဖိလစ်ပိုင်းငါးဖမ်းလှေများကို တွေ့ရစဉ်(Photo:AFP)
Published 12 July 2024

တောင်တရုတ်ပင်လယ်အရေးနှင့်ပတ်သက်ပြီး တရုတ်နှင့် အငြင်းပွားမှုတွင် ဖိလစ်ပိုင်အနေဖြင့် အလျှော့ပေးလိမ့်မည်မဟုတ်ကြောင်း ဖိလစ်ပိုင် ထိပ်သီးလုံခြုံရေးအရာရှိတစ်ဦးက ဇူလိုင် ၁၂ ရက်တွင် ပြောကြားခဲ့သည်။

ပင်လယ်ရေကြောင်းဆိုင်ရာ ကုန်သွယ်ရေးအတွက် မဟာဗျူဟာမြောက် အရေးကြီးသည့် တောင်တရုတ်ပင်လယ်အရေးနှင့် ပတ်သက်ပြီး တင်းမာမှုများမြင့်တက်ခဲ့ကာ လွန်ခဲ့သည့် ၁၈ လအတွင်း တရုတ်နှင့် ဖိလစ်ပိုင် သင်္ဘောများအကြား ထိပ်တိုက်တွေ့မှုများ ဖြစ်ပွားခဲ့ကာ ပြီးခဲ့သည့်လက ဖြစ်စဉ်သည် နှစ်နိုင်ငံထိပ်တိုက်တွေ့မှုများအနက် အပြင်းထန်ဆုံး ဖြစ်စဉ်တစ်ခုဖြစ်ခဲ့သည်။

ဇွန် ၁၇ ရက်က ဖြစ်ပွားခဲ့သည့် ဖြစ်စဉ်သည် ဖိလစ်ပိုင်တပ်ဖွဲ့များသည် ပိုင်ဆိုင်မှု အငြင်းပွားနေသည့် Seond Thomas သောင်ခုံအနီးတွင် ကျောက်ချရပ်နားထားသည့် Sierra Madre စစ်သင်္ဘောအပျက်ပေါ်တွင် တပ်စွဲထားသည့် ဖိလစ်ပိုင်မရိန်း တပ်ဖွဲ့ဝင်များအတွက် ရိက္ခာထောက်ပို့ပေးရန် ကြိုးပမ်းချိန်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

ဇွန် ၁၉ ရက် နှောင်းပိုင်းက ဖိလစ်ပိုင်စစ်တပ်က ထုတ်ပြန်ခဲ့သည့် ဗီဒီယိုမှတ်တမ်းတွင် သေးငယ်သည့် သင်္ဘောများပေါ်တွင် တုတ်များ၊ ဓားများကို ဝှေ့ယမ်းနေသည့် တရုတ်သင်္ဘောသားများသည် အော်ဟစ်ပြီး လေ သွင်းလှေတစ်စင်းကို တိုက်ခိုက်ရန် ကြိုးပမ်းနေပုံများကို ဖော်ပြခဲ့သည်။

ထိုဖြစ်စဉ်တွင် ဖိလစ်ပိုင်သင်္ဘောသားတစ်ဦး လက်မတစ်ချောင်း ဆုံးရှုံးသွားခဲ့သည်ဟု ဖိလစ်ပိုင် စစ်တပ်က ပြောသည်။

တရုတ်အစိုးရကမူ အဆိုပါ ထိပ်တိုက်တွေ့မှုအတွင်း တရုတ်ကမ်းခြေစောင့်တပ်ဖွဲ့သည် ပရော်ဖက်ရှင်နယ်ဆန်ပြီး ထိန်းထိန်းသိမ်းသိမ်း လုပ်ဆောင်သည့်နည်းဖြင့် လုပ်ဆောင်ခဲ့ကြောင်းနှင့် ဖိလစ်ပိုင်စစ်မှုထမ်းများကို ဆန့်ကျင်သည့် တိုက်ရိုက်စီမံချက်များ မရှိခဲ့ကြောင်း ပြောကြားခဲ့သည်။

ပြီးခဲ့သည့် သီတင်းပတ်တွင်မူ တောင်တရုတ်ပင်လယ်အရေးနှင့်ပတ်သက်ပြီး တင်းမာမှုများကို လျှော့ချရန် နှစ်နိုင်ငံအကြား သဘောတူညီခဲ့သော်လည်း ဖိလစ်ပိုင်အနေဖြင့် အလျှော့ပေးသွားမည်မဟုတ်ကြောင်း ဖိလစ် ပိုင် အမျိုးသားလုံခြုံရေး အကြံပေးပုဂ္ဂိုလ် အယ်ဒိုရာဒို အန်နိုက ဇူလိုင် ၁၂ ရက်တွင် ပြောကြားခဲ့သည်။

“ကျွန်တော်တို့ဘက်က နောက်ဆုတ်သွားမှာမဟုတ်ဘဲ ခြိမ်းခြောက်မှု၊ ကြားဝင်စွက်ဖက်မှု၊ မလိုမုန်းထားစွာ လွှမ်းမိုးမှု၊ ကျွန်တော်တို့ရဲ့ လုံခြုံရေးနဲ့ တည်ငြိမ်ရေးကို ပျက်ယွင်းစေမယ့် အခြားနည်းဗျူဟာတွေကို တွန်း လှန်သွားမှာပါ”ဟု အန်နိုက တောင်တရုတ် ပင်လယ်တွင် တရုတ်၏ နယ်မြေပိုင်ဆိုင်ကြောင်း ထွက်ဆိုမှုကို တရားမဝင်ကြောင်း ဆုံးဖြတ်ခဲ့သည့် သည်ဟိဂ်မြို့အခြေစိုက်နိုင်ငံတကာ အနုညာတခုံရုံး၏ စီရင်ချက်ချသည့် နှစ်ပတ်လည်နေ့ကို ဂုဏ်ပြုသည့် အခမ်းအနားအတွင်း ပြောကြားခဲ့သည်။

ထိုအမှုနှင့်ကို ဖိလစ်ပိုင်က နိုင်ငံတကာ အနုညာတခုံရုံးသို့ ၂၀၁၃ ခုနှစ်က တင်ခဲ့ခြင်း ဖြစ်သည်။ သုံးနှစ်အကြာတွင် ခုံရုံးက တရုတ်၏ နယ်မြေပိုင်ဆိုင်ကြောင်း ထွက်ဆိုမှုများသည် တရားရေးအရ အခြေအမြစ်မရှိကြောင်း ကြေညာခဲ့သော်လည်း တရုတ်ကမူ ခုံရုံး၏ လုပ်ထုံးလုပ်နည်းများတွင် ပါဝင်ရန် ငြင်းဆို ခဲ့သကဲ့သို့ စီရင်ချက်ချမှတ်မှုကိုလည်း လျစ်လျူရှုခဲ့သည်။

Ref:AFP

                                               

Most Read

Most Recent