ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်အချို့တွင် ဆီစာအုပ်များ ပြုလုပ်ပေးနေပြီး ရေးစာအုပ်ဖြင့်သာ စားအုန်းဆီဝယ်ယူခွင့်ရှိကြောင်း သိရ

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်အချို့တွင် ဆီစာအုပ်များ ပြုလုပ်ပေးနေပြီး ရေးစာအုပ်ဖြင့်သာ စားအုန်းဆီဝယ်ယူခွင့်ရှိကြောင်း သိရ
Published 28 August 2024

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်အချို့တွင် ဆီစာအုပ်များ ပြုလုပ်ပေးနေပြီး ရေးစာအုပ်ဖြင့်သာ စားအုန်းဆီဝယ်ယူခွင့်ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့ နယ်အချို့တွင် နေထိုင်သူများထံမှ သိရသည်။

“အခုလကုန်ပိုင်းက စာရင်းလာကောက်သွားတယ်။ ၂၇ ရက်နေ့က ဆီသွားထုတ်ရတယ်။ တစ်ပတ်ကိုတစ်ခါ စာအုပ်နဲ့ဝယ်ခွင့်ရတာ။ တခါဝယ်ရင် ဆီငါးဆယ်သားပေါ့။ မနေ့က သွားဝယ်လိုက်တယ်။ ၁ ရက်မှ တစ်ခါဝယ်လို့ရမယ်လည်းပြောတယ်” ဟု သာကေတမြို့နယ်တွင်နေထိုင်သူတစ်ဦးက ပြောကြားသည်။

စားအုန်းဆီဝယ်ယူခွင့်စာအုပ်နောက်ကျောတွင် အိမ်ထောင်စုစာရင်းမိတ္တူကို ကပ်ထားရမည်ဟုရပ်ကွက်အုပ်ချုပ်ရေးရုံးမှ ပြောကြားကြောင်း၊ စာအုပ်ဖြင့် ဝယ်ယူခဲ့ရာတွင် တန်းစီရခြင်းမရှိကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

“တန်းစီတဲ့သူ နည်းလို့လားတော့မသိဘူး။ တန်းတော့မစီခဲ့ရဘူး။ စာအုပ်ပြပြီး ဆီငါးဆယ်သားကျသင့်ငွေပေးခဲ့ရတယ်။ မနေ့ကတော့ ၃၃၀၀ ပေးရတယ်” ဟု သာကေတမြို့နယ်တွင် နေထိုင်သူတစ်ဦးက ပြောကြားသည်။

အဆိုပါဆီအုပ် နောက်ကျောတွင်လည်း စည်းကမ်းချက်များကို ရေးသားထားပြီး တဆင့်လွှဲပြောင်းရောင်းချခြင်း၊ ပေါင်နှံခြင်းမပြုရ၊ ပျက်စီးပျောက်ဆုံးပါက ရပ်ကွက်အုပ်ချုပ်ရေးမှူးထံသို့ အကြောင်းကြားရမည်ဖြစ်ကြောင်း၊ ဆီဝယ်ယူရာတွင် ၁၀ နှစ်အောက် ကလေးငယ်များကို ဝယ်ယူခွင့်မပြုကြောင်း အစရှိသည်တို့ကို ရေးသားဖော်ပြထားသည်ကိုတွေ့ရသည်။

အလားတူ အခြားမြို့နယ်များတွင်လည်း သက်ဆိုင်ရာရပ်ကွက်အုပ်ချုပ်ရေးမှ တာဝန်ရှိသူများက စာရင်းလိုက်ကောက်ခြင်းများရှိကြောင်း၊ မေးမြန်းရာတွင် စားအုန်းဆီ ဝယ်ယူခွင့်စာအုပ်ပြုလုပ်ပေးရန်အတွက်ဟု သိရကြောင်း တိုက်ကြီးမြို့နယ်တွင် နေထိုင်သူတစ်ဦးက ပြောကြားသည်။

“စာရင်းတော့ လာကောက်သွားတယ်။ စာအုပ်တော့ မရသေးဘူး။ ဆီဝယ်လိုရမယ့် စာအုပ်လို့တော့ပြောတယ်” ဟု တိုက်ကြီးမြို့ နယ်တွင် နေထိုင်သူတစ်ဦးက ပြောကြားသည်။

ယခုအပတ်တွင် ရန်ကုန်အထိုင်ဈေးအဖြစ် စားအုန်းဆီသတ်မှတ်ဈေးမှာ တစ်ပိဿာ ကျပ် ၆၃၇၅ ဖြစ်သည်။

ယင်းကြောင့် စားအုန်းဆီဈေးနှုန်းမှာ ပြီးခဲ့သည့် ရက်သတ္တပတ်ကထက် ၂၀၅ ကျပ် မြင့်တက်လာခြင်းလည်းဖြစ်သည်။

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန စားသုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီအနေဖြင့် စားအုန်းဆီကမ္ဘာ့ဈေးနှုန်းဖြစ်ပေါ်ပြောင်းလဲမှုနှင့်အညီ ပြည်တွင်း၌ ဖြစ်သင့်ဖြစ်ထိုက်သည့် ဈေးနှုန်းများ ဖြစ်ပေါ်စေရေး ထိန်းကျောင်းဆောင်ရွက်လျက်ရှိပြီး စားအုန်းဆီ အဓိကထုတ်လုပ်တင်ပို့သည့် မလေးရှားနိုင်ငံတွင် ဖြစ်ပေါ်နေသည့် FOB ဈေးနှုန်းများကို နေ့စဉ်စောင့်ကြည့်ကာ သယ်ယူပို့ဆောင်ခကုန်ကျစရိတ်များ၊ ဘဏ်စရိတ်များ၊ အခွန်အခများ ထည့်သွင်းတွက်ချက်၍ ပြည်တွင်းဈေးကွက်၌ ရောင်းဝယ်ဖောက်ကားရမည့် အခြေခံလက်ကားရည်ညွှန်းဈေးနှုန်းကို ထုတ်ပြန်ပေးနေခြင်းဖြစ်သည်။

စားအုန်းဆီပြင်ပပေါက်ဈေးမှာ တစ်ပိဿာလျှင် ကျပ်တစ်သောင်းခွဲကျော်သို့ ရောက်ရှိနေကြောင်း သိရသည်။