နိုင်ငံအများအပြားပါဝင်သည့် Super Garuda Shield စစ်ရေးလေ့ကျင့်မှုကို အင်ဒိုနီးရှားက အိမ်ရှင်အဖြစ် လက်ခံပြုလုပ်

နိုင်ငံအများအပြားပါဝင်သည့် Super Garuda Shield စစ်ရေးလေ့ကျင့်မှုကို အင်ဒိုနီးရှားက အိမ်ရှင်အဖြစ် လက်ခံပြုလုပ်
သြဂုတ် ၂၆ ရက်က အရှေ့ဂျာဗားပြည်နယ်တွင် ပြုလုပ်သည့် Super Garuda Shield စစ်ရေးလေ့ကျင့်မှု ဖွင့်ပွဲအခမ်းအနား၌ ပါဝင်မည့် တပ်ဖွဲ့ဝင်များကို တွေ့ရစဉ်(Photo:AFP)
သြဂုတ် ၂၆ ရက်က အရှေ့ဂျာဗားပြည်နယ်တွင် ပြုလုပ်သည့် Super Garuda Shield စစ်ရေးလေ့ကျင့်မှု ဖွင့်ပွဲအခမ်းအနား၌ ပါဝင်မည့် တပ်ဖွဲ့ဝင်များကို တွေ့ရစဉ်(Photo:AFP)
Published 27 August 2024

အင်ဒိုနီးရှား၊ အမေရိကန်နှင့် အခြား နိုင်ငံရှစ်နိုင်ငံမှ တပ်ဖွဲ့ဝင်ထောင်နှင့်ချီ ပါဝင်ကာ သီတင်းပတ်နှစ်ပတ်ကြာ ပြုလုပ်မည့် Super Garuda Shield စစ်ရေးလေ့ကျင့်မှုကို သြဂုတ် ၂၆ ရက်တွင် စတင်ခဲ့ပြီး အာရှ- ပစိဖိတ်ဒေသတွင် ပူးတွဲစွမ်းရည်များကို အလေးထားလုပ်ဆောင်မည်ဖြစ်ကြောင်း သိရသည်။

အထူးသဖြင့် တောင်တရုတ်ပင်လယ်  အပါအဝင် အာရှ-ပစိဖိတ်ဒေသတွင် ပိုင်နက် အငြင်းပွားကျွန်းများနှင့် ရေလမ်းကြောင်းများကို ပိုင်ဆိုင်ခွင့်နှင့်ပတ်သက်၍ နိုင်ငံများအကြား တင်းမာမှုများ မြင့်တက်လျက်ရှိသည်။

နှစ်စဉ်ပြုလုပ်မြဲ Super Garuda Shield စစ်ရေးလေ့ကျင့်မှုကို အင်ဒိုနီးရှားနိုင်ငံ အရှေ့ဂျာဗားပြည်နယ်၊ ဆီဒိုအာဂျိုဒေသ၌ ပြုလုပ်မည်ဖြစ်ကာ ယင်းစစ်ရေးလေ့ကျင့်မှုတွင် အင်ဒိုနီးရှားက တပ်ဖွဲ့ဝင် ၄,၄၀၀ ကျော် စေလွှတ်မည်ဖြစ်ကြောင်း သိရသည်။

ထို့ပြင် အမေရိကန်တပ်ဖွဲ့ဝင် ၁,၈၀၀ ခန့်နှင့် အခြားနိုင်ငံများမှ တပ်ဖွဲ့ဝင်ရာနှင့်ချီ ပါဝင်မည်ဖြစ်ကြောင်းလည်း အင်ဒိုနီးရှားစစ်တပ်က ပြောကြားခဲ့သည်။

၂၀၀၇ ခုနှစ်တွင် စတင်ပြုလုပ်ခဲ့သည့် အဆိုပါ စစ်ရေးလေ့ကျင့်မှုအား စုပေါင်းစွမ်းရည် မြှင့်တင်ရန် ရည်ရွယ်သော ကမ္ဘာ့အဆင့်မီ ပူးတွဲစစ်ရေးလေ့ကျင့်မှု သို့မဟုတ် နိုင်ငံစုံပါဝင်သော စစ်ရေးလေ့ကျင့်မှုအဖြစ် ဆင့်ကဲ ပြောင်းလဲခဲ့ကြောင်း Hawaii Air National Guard မှ တပ်မှူးဖြစ်သူ ဗိုလ်ချုပ် ဂျိုးဆက်ဟဲရစ်စ်က ဆိုသည်။

ယင်းလေ့ကျင့်ခန်း အစီအစဉ်များတွင် ကျွမ်းကျင်အတတ်ပညာ ဖလှယ်မှုများ၊ ပညာရှင်အဆင့် တီထွင်ဖန်တီးမှုဆိုင်ရာ အလုပ်ရုံ ဆွေးနွေးပွဲများ၊ အမိန့်ပေးထိန်းချုပ်မှု လေ့ကျင့်ခန်းများနှင့် ကျည်အစစ်အသုံးပြုမှုများ ပါဝင်သော လက်တွေ့လေ့ကျင့်မှုများ ပါဝင်ကြောင်း သိရသည်။

ထို့ပြင် ဆိုက်ဘာနည်းပညာဆိုင်ရာ လေ့ကျင့်မှုများ၊ လေကြောင်းချီ စစ်ဆင်ရေးများ၊ ပူးပေါင်းတိုက်ခိုက်မှုများ၊ ကုန်းရေနှစ်သွယ် လေ့ကျင့်မှုနှင့် သဏ္ဌာန်တူဖန်တီးထားသော မြေပြင်စစ်ဆင်ရေးအစရှိသော လေ့ ကျင့်ခန်းများလည်း ပါဝင်မည်ဖြစ်သည်။

အမေရိကန်စစ်တပ်၏ ပစိဖိတ်ဒေသ ကွပ်ကဲရေးမှူး ချားစ်ဖလင်းက ယင်းစစ်ရေး လေ့ကျင့်မှုသည် ဘေးကင်းတည်ငြိမ်၍ လုံခြုံသော အင်ဒို-ပစိဖိတ်ဒေသ ဖြစ်ထွန်းရေး ကတိကဝတ်ကို ပြသရာရောက်လိမ့်မည်ဖြစ်ကြောင်း ပြီးခဲ့သည့် သီတင်းပတ်တွင် ကြေညာချက် ထုတ်ပြန်ခဲ့သည်။

စက်တင်ဘာ ၆ ရက်အထိ ပြုလုပ်မည့် သီတင်းနှစ်ပတ်ကြာ စစ်ရေးလေ့ကျင့်မှုများကို အင်ဒိုနီးရှားရှိ နေရာအများအပြားတွင် ပြုလုပ်မည်ဖြစ်ကာ သြစတြေးလျ၊ ဂျပန်၊ ဗြိတိန်၊ စင်ကာပူ၊ တောင်ကိုရီးယား၊ ကနေဒါ၊ နယူးဇီလန်နှင့် ပြင်သစ်နိုင်ငံတို့မှ တပ်ဖွဲ့ဝင်များလည်း ပါဝင်မည်ဖြစ်သည်။

ဘရာဇီး၊ ဂျာမနီ၊ မလေးရှား၊ ဖိလစ်ပိုင်၊ ထိုင်း၊ နယ်သာလန်၊ အရှေ့တီမောနှင့် ပါပူအာနယူးဂီနီ နိုင်ငံတို့သည်လည်း ယင်းစစ်ရေးလေ့ကျင့်မှုတွင် လေ့လာသူအဖြစ် ပါဝင်မည်ဖြစ်ကြောင်း သိရသည်။

ပစိဖိတ်ဒေသ၌ တရုတ်က သြဇာချဲ့ထွင်ရန် ကြိုးပမ်းလာမှုအပေါ် စိုးရိမ်မှုများ တိုးလာကြောင်း အမေရိကန် ပြည်ထောင်စုနှင့် ၎င်း၏မဟာမိတ် အာရှနိုင်ငံများက ပြောဆိုထားသည်။

ယင်းကဲ့သို့ စစ်ရေးလေ့ကျင့်မှုများသည် မည်သည့်နိုင်ငံကိုမှ ရည်ရွယ်ခြင်းမရှိဟု အမေရိကန် အစိုးရက ပြောဆိုထားသည့်တိုင် ယခုစစ်ရေးလေ့ကျင့်မှုသည် ယခင်ကထက် သိသိသာသာ ပိုမိုကြီးမားကျယ် ပြန့်လိမ့်မည်ဟု အမေရိကန်က မကြာသေးမီနှစ်များအတွင်း ပြောကြားခဲ့သည်။

Ref:AFP

                                     

Most Read

Most Recent