PSG အသင်းထံမှ ရရန်ရှိသည့်ငွေကြေး ယူရို(၅၅)သန်း ရယူလိုမှုဖြင့် UEFA၊ FPFL နှင့် FFF ထံ အမ်ဘာပေ တိုင်ကြားထား

PSG အသင်းထံမှ ရရန်ရှိသည့်ငွေကြေး ယူရို(၅၅)သန်း ရယူလိုမှုဖြင့် UEFA၊ FPFL နှင့် FFF ထံ အမ်ဘာပေ တိုင်ကြားထား
Photo: X
Photo: X
Published 22 August 2024

ရီးယဲလ်မက်ဒရစ်တိုက်စစ်မှူးဖြစ်သူ အမ်ဘာပေသည် အသင်းဟောင်း PSG ထံမှ  ရရန်ရှိသည့်ငွေကြေး ယူရို (၅၅)သန်း ရယူလိုမှုဖြင့် ဥရောပဘောလုံးအဖွဲ့ချုပ်(UEFA)၊   ပြင်သစ်ပရော်ဖက်ရှင်နယ်ဘောလုံးလိဂ်အဖွဲ့ချုပ်(FPFL)နှင့် ပြင်သစ်ဘောလုံးအဖွဲ့ချုပ်(FFF)ထံ တိုင်ကြားထားကြောင်း သိရသည်။

ပြင်သစ်မီဒီယာ LeMonde မှ ဖော်ပြသည့်သတင်းတွင် ယင်းပေါင်(၄၇)သန်းမှာ ဖေဖော်ဝါရီတွင်ရရှိမည့် လက်မှတ်ထိုးကြေးဆုကြေးနှင့် နောက်ဆုံးသုံးလ၏လစာငွေများ ပါဝင်ကြောင်း ရေးသားခဲ့သည်။

အမ်ဘာပေအနေဖြင့် လက်ရှိတွင် ရီးယဲလ်မက်ဒရစ်သို့ ရောက်ရှိခဲ့ပြီဖြစ်သော်လည်း အသင်းဟောင်း PSG အသင်းနှင့် မပြီးပြတ်သေးသည့်ပြဿနာများလည်း ရှိနေသေးသည်။

ယခင်ကမူ PSG အသင်းနှင့် အမ်ဘာပေသည် ကောင်းမွန်သည့်အခြေအနေတစ်ရပ်နှင့် လမ်းခွဲခဲ့ကြခြင်းဖြစ်သည်ဟု ယူဆခဲ့ကြသည်။

အမ်ဘာပေနှင့် PSG အသင်းအကြား ယခင်သဘောတူညီချက်တွင် နွေရာသီအပြောင်းအရွှေ့ကာလတွင် ပြောင်းရွှေ့ကြေးအလွတ်ဖြင့် ထွက်ခွာခွင့်ပြုမည်ဖြစ်ပြီး အပြန်အလှန်အားဖြင့် ကစားသမားဖြစ်သူဘက်မှ ရရှိမည့် ဆုကြေးငွေနှင့် လစာငွေအချို့ကို လက်လွှတ်ရမည်ဖြစ်သည်ဟု သတင်းများ ထွက်ပေါ်ခဲ့သည်။

အစောပိုင်းသတင်းများတွင် PSG အသင်းအနေဖြင့် ၂၀၂၂ ခုနှစ်က အမ်ဘာပေအား စာချုပ်သက်တမ်းတိုးရာတွင် ပါဝင်သည့် သစ္စာစောင့်သိကြေးကို ပေးချေရန် ငြင်းဆန်ခဲ့ကြောင်း ဖော်ပြခဲ့သည်။

လက်ရှိတွင် PSG အသင်းသည် ပြောင်းရွှေ့ကြေးအလွတ်ဖြင့် အမ်ဘာပေ  မထွက်ခွာမီ ၎င်းတို့အကြား သဘောတူညီချက်ကြောင့် ပေးချေရမည့်ငွေကြေးကို ကစားသမားဘက်မှ လက်ခံမရရှိသင့်ကြောင်း ယုံကြည်လျက်ရှိသည်။

PSG အသင်းအနေဖြင့် အမ်ဘာပေ၏လုပ်ဆောင်ချက်အပေါ် တုံ့ ပြန်ရန်အတွက် အဆိုပါကိစ္စအား သတိပေးစာထုတ်ပြန်သွားမည်ဖြစ်ကြောင်း သိရသည်။

အမ်ဘာပေသည် ပြီးခဲ့သည့်ဇွန်လကလည်း PSG အသင်းထံမှ ယူရိုသန်း(၈၀)ရရန်ကျန်ရှိမှုဖြင့် သတိပေးစာပေးပို့ခဲ့ကြောင်း သတင်းများ ထွက်ပေါ်ခဲ့သည်။

PSG အသင်းအား UEFA၊ FPFL နှင့် FFF ဘက်မှ ဆက်သွယ်လာခြင်းမရှိသေးကြောင်း သတင်းများက ဖော်ပြခဲ့သည်။

အမ်ဘာပေအနေဖြင့် သြဂုတ်လအစောပိုင်းကတည်းက FPFL ထံ တိုင်ကြားထားပြီး သြဂုတ်လလယ်ပိုင်းတွင် FFF မှတစ်ဆင့်  UEFA ထံ တိုင်ကြားစာပေးပို့ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အမ်ဘာပေအနေဖြင့် လက်ရှိတွင် ယင်းအဖွဲ့အစည်းများ၏ဆုံးဖြတ်ချက်အပေါ် စောင့်ဆိုင်းနေလျက်ရှိနေခြင်းဖြစ်သည်။

အသက် (၂၅)နှစ်အရွယ်ရှိပြီဖြစ်သူ အမ်ဘာပေသည် အသင်းသစ် ရီးယဲလ်မက်ဒရစ်အသင်းတွင် ကစားနေသည်မှာ နှစ်ပွဲ ရှိလာခဲ့ပြီး ဥရောပစူပါဖလားပွဲတွင် အသင်းအတွက် ဒုတိယအနိုင်ဂိုးကို သွင်းယူပေးခဲ့သည်။

မာယော့ကာ နှင့် ဂိုးမရှိသရေကျသည့်ပွဲတွင်မူ သူ၏ခြေစွမ်းအပေါ် ဝေဖန်မှုများ ရှိခဲ့သည်။

Most Read

Most Recent