အနာဂတ်အတွက် လာမည့် ခရစ္စမတ်ကာလတွင် ဂွါဒီယိုလာ ဆုံးဖြတ်ချက်ချမှတ်ဖွယ်ရှိ

အနာဂတ်အတွက် လာမည့် ခရစ္စမတ်ကာလတွင် ဂွါဒီယိုလာ ဆုံးဖြတ်ချက်ချမှတ်ဖွယ်ရှိ
Photo: beIN SPORTS
Photo: beIN SPORTS
Published 21 August 2024

 

မန်စီးတီးနည်းပြ ဂွါဒီယိုလာသည် အနာဂတ်အတွက် လာမည့် ခရစ္စမတ်ကာလတွင် ဆုံးဖြတ်ချက်ချမှတ်ဖွယ်ရှိကြောင်း သိရသည်။

ဂွါဒီယိုလာ(၅၃ နှစ်)သည် ၂၀၂၅ ခုနှစ်နွေရာသီတွင် မန်စီးတီးအသင်းနှင့် စာချုပ်သက်တမ်းကုန်ဆုံးမည်ဖြစ်ပြီး မူလက ယင်းအချိန်တွင် လမ်းခွဲဖွယ်ရှိသည့်သဘောမျိုး ပြောကြားခဲ့သော်လည်း နောက်ပိုင်းတွင် သက်တမ်းတိုးဖွယ်ရှိကြောင်း ပြောင်းလဲပြော ကြားခဲ့သည်။ 

ယခုအခါ မန်စီးတီးအသင်းတာဝန်ရှိသူများက ကြိုတင်ပြင်ဆင်မှု ပြုလုပ်နိုင်ရန်အတွက် ဂွါဒီယိုလာအား ခရစ္စမတ်ကာလ၌ ဆုံးဖြတ်ချက်ချမှတ်ပေးရန် တောင်းဆိုထားကြောင်း သိရသည်။ ဂွါဒီယိုလာသည် မန်စီးတီးအသင်းကို ၂၀၁၆ ခုနှစ်တွင် စတင်ကိုင်တွယ်ခဲ့သူဖြစ်ပြီး ပရီးမီးယားလိဂ်ချန်ပီယံဆု (၆)ကြိမ်အပါအဝင် ဆုဖလား(၁၈)ခု ရယူပေးထားသူ ဖြစ်သည်။ 

ပရီးမီးယားလိဂ်ပြိုင်ပွဲ၌ (၄)ရာသီဆက်တိုက် ချန်ပီယံဆုရယူနိုင်ခဲ့ခြင်းမှာ ပြိုင်ပွဲသမိုင်းတွင် ပထမဆုံးအကြိမ်ဖြစ်ပြီး ယခုကဲ့သို့ ထူးခြားစွာ စွမ်းဆောင်ပေးထားနိုင်ခြင်းကြောင့် မန်စီးတီးအသင်းတာဝန်ရှိသူများက ဂွါဒီယိုလာအား သက်တမ်းတိုးစာချုပ်ချုပ်ဆို နိုင်ရန် စိတ်အားထက်သန်နေကြောင်း သိရသည်။ 

သို့သော် အကယ်၍ ဂွါဒီယိုလာက လမ်းခွဲရန် ဆုံးဖြတ်ခဲ့ပါက အစားထိုးရန် နည်းပြသစ်ကို အချိန်ယူရှာဖွေနိုင်ရန်အတွက် ခရစ္စမတ်ကာလတွင် အနာဂတ်အတွက် ဆုံးဖြတ်ချက်ချမှတ်ပေးရန် တောင်းဆိုထားခြင်းဖြစ်ကြောင်း သိရသည်။ 

ဂွါဒီယိုလာသည် ကလပ်အသင်း ဘောလုံးလောကတွင် အောင်မြင်မှုများစွာ ရယူနိုင်ခဲ့ပြီးဖြစ်သည့်အတွက် လက်ရွေးစင်အသင်းကို ပြောင်းလဲကိုင်တွယ်ဖွယ်ရှိကြောင်း ထင်ကြေးပေးခဲ့ကြသော်လည်း အင်္ဂလန်နှင့်သတင်းကို ၎င်းက ငြင်းခဲ့သည်။

Most Read

Most Recent