မြန်မာတိုက်စစ်မှူး သီဟဇော် ကမ္ဘောဒီးယားကလပ် နာဂါဝေါလ်အသင်းအတွက် ပထမဆုံးဂိုးသွင်းယူခဲ့ပြီး အကောင်းဆုံးကစားသမားဆုပါ ရရှိ

မြန်မာတိုက်စစ်မှူး သီဟဇော် ကမ္ဘောဒီးယားကလပ် နာဂါဝေါလ်အသင်းအတွက် ပထမဆုံးဂိုးသွင်းယူခဲ့ပြီး အကောင်းဆုံးကစားသမားဆုပါ ရရှိ
Photo: Nagaworld FC
Photo: Nagaworld FC
Published 12 August 2024

မြန်မာ့လက်ရွေးစင်ဟောင်း တိုက်စစ်မှူး သီဟဇော်သည် ကမ္ဘောဒီးယားပရီးမီးယားလိဂ်ကလပ် နာဂါဝေါလ်အသင်းအတွက် ပထမဆုံးဂိုး သွင်းယူခဲ့ပြီး ပွဲအပြီးတွင် အကောင်းဆုံးကစားသမားဆုပါ ရရှိခဲ့ကြောင်း သိရသည်။

၂၀၂၄-၂၀၂၅ ရာသီ ကမ္ဘောဒီးယားပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ပြီးခဲ့သည့်သြဂုတ် ၁၀ ရက်က စတင်ကျင်းပခဲ့ပြီဖြစ်သည်။

တိုက်စစ်မှူး သီဟဇော်၏ နာဂါဝေါလ်အသင်းသည် သြဂုတ် ၁၀ ရက်က ပွဲစဉ်(၁) အဖြစ် အိမ်ကွင်းတွင် ကီရီဗောင်းအသင်းနှင့် ယှဉ်ပြိုင်ကစားခဲ့ရာ(၂-၀) ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။

ယင်းပွဲတွင် သီဟဇော်သည်  နာဂါဝေါလ်အသင်း၏ ပွဲထွက်ကစားသမားစာရင်းတွင် ပါဝင်ခဲ့ပြီး ပွဲကစားချိန်(၁၀) မိနစ်တွင် အသင်းအတွက် ဦးဆောင်ဂိုးကို ခေါင်းတိုက်သွင်းယူပေးခဲ့ခြင်းဖြစ်သည်။

ယင်းဂိုးမှာ နာဂါဝေါလ်အသင်း၏ ယခုရာသီ ပထမဆုံးဂိုးဖြစ်သလို ယခုရာသီ ကမ္ဘောဒီးယားပရီးမီးယားလိဂ်ပြိုင်ပွဲ၏ ပထမဆုံးဂိုးလည်းဖြစ်ခဲ့ကာ တိုက်စစ်မှူး သီဟဇော်၏ ယခုရာသီ ပထမဆုံးသွင်းဂိုးအဖြစ်လည်း မှတ်တမ်းဝင်ခဲ့ကြောင်း သိရသည်။

နာဂါဝေါလ်အသင်းအတွက် ဒုတိယဂိုးကို ပွဲကစားချိန်(၂၄) မိနစ်တွင် ဂျပန်ကစားသမား မီနာဂါ၀ါက သွင်းယူပေးခဲ့သည်။

တိုက်စစ်မှူး သီဟဇော်သည် ပွဲအပြီးတွင် ယင်းပွဲ၏ အကောင်းဆုံးကစားသမားဆု(MVP) ကိုလည်း ရရှိခဲ့ကြောင်း သိရသည်။

ကမ္ဘောဒီးယားပရီးမီးယားလိဂ်ကလပ် နာဂါဝေါလ်အသင်းသည် တိုက်စစ်မှူး သီဟဇော်ကို လာမည့် ၂၀၂၄-၂၀၂၅ ရာသီအတွက် တစ်ရာသီစာချုပ်ချုပ်ဆို၍ ခေါ်ယူထားခြင်း ဖြစ်သည်။

သီဟဇော်သည် နာဂါဝေါလ်အသင်းတွင် ကျောနံပါတ်(၁၇) ကို ဝတ်ဆင်ကစားနေလျက်ရှိသည်။

သီဟဇော်သည် ပြီးခဲ့သည့် ၂၀၂၂ ရာသီတွင် ကမ္ဘောဒီးယားလိဂ်- ၂ ကလပ် ခိုကောင်းအသင်း၊ ၂၀၂၃ ရာသီတွင် ကမ္ဘောဒီးယားပရီးမီးယားလိဂ်ကလပ် ပရေးဗန်အသင်းတို့၌ ကစားခဲ့ပြီး နာဂါဝေါလ်အသင်းသို့ ထပ်မံပြောင်းရွှေ့ခဲ့ခြင်းဖြစ်သည်။

သီဟဇော်သည် ပြီးခဲ့သည့် ၂၀၂၃ ရာသီတွင် ကမ္ဘောဒီးယားပရီးမီးယားလိဂ်ကလပ် ပရေးဗန်အသင်းအတွက် ပြိုင်ပွဲစုံ ကိုးဂိုးသွင်းယူပြီး ဂိုးဖန်တီးမှုခုနစ်ကြိမ် ပြုလုပ်နိုင်ခဲ့သလို ပွဲစဉ်အလိုက် အကောင်းဆုံးကစားသမားဆု(MVP) ကို နှစ်ကြိမ်ဆွတ်ခူးရရှိခဲ့သည်။

Most Read

Most Recent