အိုလံပစ်နှစ်ကြိမ်ဆက် ရွှေတံဆိပ်ရရှိသည့် ပထမဆုံး ထိုင်းအားကစားသမားအဖြစ် တိုက်ကွမ်ဒိုကစားသမား ပါနီပက် မှတ်တမ်းဝင်

အိုလံပစ်နှစ်ကြိမ်ဆက် ရွှေတံဆိပ်ရရှိသည့် ပထမဆုံး ထိုင်းအားကစားသမားအဖြစ် တိုက်ကွမ်ဒိုကစားသမား ပါနီပက် မှတ်တမ်းဝင်
Photo: X
Photo: X
Published 8 August 2024

ထိုင်းအမျိုးသမီးတိုက်ကွမ်ဒိုကစားသမား ပါနီပက်ဝန်ပတ်တာနာကစ်သည် အိုလံပစ်ပြိုင်ပွဲနှစ်ကြိမ်ဆက် ရွှေတံဆိပ်ရရှိသည့် ပထမဆုံးထိုင်းအားကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့ကြောင်း သိရသည်။

ပါနီပက် (၂၇ နှစ်) သည် သြဂုတ် ၇ ရက်က ကျင်းပသည့် အမျိုးသမီးတိုက်ကွမ်ဒိုပြိုင်ပွဲ ၄၉ ကီလိုတန်းပွဲစဉ်တွင် ရွှေတံဆိပ်ဆွတ်ခူးရယူနိုင်ခဲ့ခြင်းဖြစ်သည်။

ယင်းပွဲစဉ်များကို သြဂုတ် ၇ ရက်တွင် တစ်ရက်တည်းအပြီး ကျင်းပခြင်းဖြစ်ပြီး ပါပီနက်အနေဖြင့် ၁၆ ဦးအဆင့်တွင် မော်ရိုကိုကစားသမားကို ၈-၁၊ ၁၀-၁ မှတ်၊ ကွာတားဖိုင်နယ်တွင် ဆော်ဒီကစားသမားကို ၄-၁၊ ၁၃-၃ မှတ်၊ ဆီမီးဖိုင်နယ်တွင် ခရိုအေးရှားကစားသမားကို ၈-၀၊ ၁၁-၅ မှတ်ဖြင့် ကျော်ဖြတ်နိုင်ခဲ့သည်။

ဗိုလ်လုပွဲတွင် တရုတ်ကစားသမား ကောင်းချင်းနှင့် အကြိတ်အနယ်ယှဉ်ပြိုင်ခဲ့ရပြီး ၆-၃၊ ၂-၃၊ ၆-၂ မှတ်ဖြင့် အနိုင်ယူကာ ရွှေတံဆိပ်ဆု ဆွတ်ခူးနိုင်ခဲ့ခြင်းဖြစ်သည်။

ပါနီပက်သည် ၂၀၁၆ ရီယိုအိုလံပစ်ပြိုင်ပွဲတွင် ကြေးတံဆိပ်၊ ၂၀၂၀ တိုကျိုအိုလံပစ်ပြိုင်ပွဲနှင့် ၂၀၂၄ ပါရီအိုလံပစ်ပြိုင်ပွဲတွင် ရွှေတံဆိပ်ရယူနိုင်ခဲ့ခြင်းဖြစ်ပြီး အိုလံပစ်ပြိုင်ပွဲ နှစ်ကြိမ်ဆက်တိုက် ရွှေတံဆိပ်ရရှိသည့် ပထမဆုံး ထိုင်းအားကစားသမားနှင့် အိုလံပစ်ပြိုင်ပွဲ သုံးကြိမ်ဆက်တိုက် ဆုတံဆိပ်ရယူနိုင်သည့် ပထမဆုံး ထိုင်းအားကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့သည်။

ပါနီပက်၏ ရွှေတံဆိပ်မှာ ပါရီအိုလံပစ်ပြိုင်ပွဲတွင် ထိုင်းအားကစားအဖွဲ့အတွက် ပထမဆုံးရွှေတံဆိပ်ဆုလည်းဖြစ်သည်။

 

Most Read

Most Recent