မြို့တော်ကိယက်ဗ်နှင့် အနီးနားဝန်းကျင်ဒေသများကို ပစ်မှတ်ထားခဲ့သော ရုရှားဒုံးကျည်များနှင့် ဒရုန်းများကို ယူကရိန်းက လေကြောင်းရန်ကာကွယ်ရေးစနစ်များဖြင့် တုံ့ပြန်

မြို့တော်ကိယက်ဗ်နှင့် အနီးနားဝန်းကျင်ဒေသများကို ပစ်မှတ်ထားခဲ့သော ရုရှားဒုံးကျည်များနှင့် ဒရုန်းများကို ယူကရိန်းက လေကြောင်းရန်ကာကွယ်ရေးစနစ်များဖြင့် တုံ့ပြန်
ယူကရိန်းနိုင်ငံ၏ တစ်နေရာရာ(နေရာဖော်ပြမထား)၌ ချထားသော Patriot လေကြောင်းရန် ကာကွယ်ရေးစနစ်ကို သြဂုတ် ၄ ရက်ကတွေ့ရစဉ်(Photo: AFP)
ယူကရိန်းနိုင်ငံ၏ တစ်နေရာရာ(နေရာဖော်ပြမထား)၌ ချထားသော Patriot လေကြောင်းရန် ကာကွယ်ရေးစနစ်ကို သြဂုတ် ၄ ရက်ကတွေ့ရစဉ်(Photo: AFP)
Published 6 August 2024

ရုရှားဒုံးကျည်များနှင့်ဒရုန်းများသည် သြဂုတ် ၅ ရက်ညနေပိုင်းတွင် ယူကရိန်းမြို့တော်ကိယက်ဗ်နှင့် အနီးနားဝန်းကျင်ဒေသများကို ပစ်မှတ်ထားခဲ့ရာ ယူကရိန်းအာဏာပိုင်များက လေကြောင်းရန်ကာကွယ် ရေးစနစ်များဖြန့်ကြက်ပြီး တုံ့ပြန်ခဲ့သည်ဟု တာဝန်ရှိသူများက ပြောကြားခဲ့သည်။

ဒေသစံတော်ချိန် ည ၁၁ နာရီထိုးပြီးနောက် ပေါက်ကွဲမှုများစတင်ခဲ့သည်။ လေ ကြောင်းကာကွယ်ရေးဒုံးကျည်ဖြစ်ပုံရသည့် အရာမှမီးအလင်းတန်းသည် ကောင်းကင်သို့ ထိုးတက်သွားသည်ကို နောက်ပိုင်းတွင် မြင်ရသည်။

“ရန်သူဟာ ကိယက်ဗ်နဲ့ကိယက်ဗ် ဆင်ခြေဖုံးနေရာတွေကို ဒုံးကျည်တိုက်ခိုက်မှုတွေ လုပ်ဆောင်ခဲ့ပါတယ်”ဟု ကိယက်ဗ်စစ်အုပ်ချုပ်ရေးအဖွဲ့၏အကြီးအကဲ ဆာဂျီပေါ့ကိုက တယ်လီဂရမ်တွင် ပြောကြားခဲ့သည်။

“လေကြောင်းရန်ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ လေကြောင်းရန် ကာကွယ်ရေးပစ္စည်းကိရိယာတွေဟာ မြို့တော်ကိယက်ဗ်နဲ့ဆင်ခြေဖုံးနေရာတွေမှာ လှုပ်ရှားခဲ့ပါတယ်။  ကနဦးရရှိထားတဲ့အချက်အလက်တွေအရ ရန်သူဒုံးကျည်တွေကို ထိမှန်ခဲ့ပါတယ်”ဟု ၎င်းက ပြောကြားခဲ့သည်။

“အခုချိန်ထိတော့ ကိယက်ဗ်မြို့မှာ ပျက်စီးတာတွေ၊ ထိခိုက်သေဆုံးတာတွေရှိခဲ့တယ်ဆိုတာ မကြားရသေးပါဘူး”ဟု ၎င်းက ဖြည့်စွက်ပြောကြားခဲ့သည်။

အေအက်ဖ်ပီသတင်းထောက်များသည် မြို့တော်၏အရှေ့ပိုင်းနှင့် အလယ်ပိုင်းဒေသတို့တွင် ပေါက်ကွဲသံများကို ကြားခဲ့ရသည်ဟုဆိုသည်။

“ပိုမိုကျယ်ဝန်းတဲ့ ကိယက်ဗ်ဒေသမှာ ဒရုန်းတွေကို ကြားဖြတ်ပစ်ချဖို့လေကြောင်းရန်ကာကွယ်ရေးကို နောက်ပိုင်းမှာ ဖြန့်ကြက်ခဲ့ပါတယ်”ဟု ကိယက်ဗ်မြို့တော်ဝန်ဗီတာလီ ကလစ်ရှ်ကိုက ပြောကြားခဲ့သည်။

လွန်ခဲ့သော သီတင်းပတ်များတွင် ပြင်းထန်သော ဝေဟင်တိုက်ခိုက်မှုအချို့ရှိခဲ့သည်ဟု ယူကရိန်းက ထုတ်ပြန်ခဲ့ပြီး အဆိုပါတိုက်ခိုက်မှုထဲတွင် ဇူလိုင်လအတွင်း ကလေးဆေးရုံတစ်စိတ်တစ်ပိုင်းပျက်စီးခဲ့ရသည့် ရုရှားဒုံးကျည်တိုက်ခိုက်မှုလည်းပါဝင်ခဲ့သည်ဟု ဆိုသည်။

ဇူလိုင် ၃၁ ရက်တွင် ရုရှားက ယူကရိန်းကို ဒရုန်း ၈၉ စင်းပစ်လွှတ်ပြီး တိုက်ခိုက်ခဲ့သည်။ အဆိုပါဒရုန်းများထဲက ဒရုန်း ၄၀ ကျော်ကို မြို့တော်ကိယက်ဗ်နှင့် အနီးနားနေရာများတွင် ပစ်ချခဲ့သည်ဟု ဆိုသည်။ အဆိုပါ ဒရုန်းတိုက်ခိုက်မှုသည် လပေါင်းများစွာအတွင်း အကြီးဆုံး ဝေဟင်တိုက်ခိုက်မှုတစ်ခုဖြစ်သည်ဟု သိရသည်။

ယူကရိန်းသည် အမေရိကန်လုပ် အက်ဖ် -၁၆ တိုက်လေယာဉ် ပထမအသုတ်ကို လက်ခံရရှိခဲ့သည်ဟု သြဂုတ် ၄ ရက်တွင် ယူကရိန်းသမ္မတ ဗိုလိုဒီမာဇယ်လန်းစကီးက ပြောကြားခဲ့သည်။ ရုရှားတပ်ဖွဲ့များကို တိုက် ထုတ်ရာတွင် နောက်ထပ် အက်ဖ်-၁၆ တိုက် လေယာဉ်များလိုအပ်နေသည်ဟု ဇယ်လန်းစကီးက လျင်မြန်စွာ ပြောကြားခဲ့သည်။

ယူကရိန်းက အဆိုပါတိုက်လေယာဉ်များအားပံ့ပိုးပေးရန် အနောက်မိတ်ဖက်နိုင်ငံများကို မေတ္တာရပ်ခံနေသည်မှာ နှစ်နှစ်ကျော်ကြာမြင့်နေပြီဖြစ်ပြီး အက်ဖ်-၁၆ တိုက် လေယာဉ်များသည် ယူကရိန်း အလိုရှိနေသော စစ်လက်နက်စာရင်းတွင် အကောင်းဆုံးဖြစ်သည်ဟု စဉ်းစားသုံးသပ်ခံထားရသည်။

“အခု ကျွန်တော်တို့ရဲ့ကောင်းကင်မှာ အက်ဖ်-၁၆ တိုက်လေယာဉ်တွေ ပျံသန်းတော့မှာပါ”ဟု ၎င်းပြောခဲ့သည်။             Ref: AFP 

 

 

Most Read

Most Recent