ရုရှားကို တွန်းလှန်နေသော ယူကရိန်းအတွက် ဒေါ်လာ ၁ ဒသမ ၇ ဘီလျံဝန်းကျင်ရှိသော စစ်ရေးအကူအညီသစ်များကို အမေရိကန်က ထုတ်ပြန်ကြေညာ

ရုရှားကို တွန်းလှန်နေသော ယူကရိန်းအတွက် ဒေါ်လာ ၁ ဒသမ ၇ ဘီလျံဝန်းကျင်ရှိသော စစ်ရေးအကူအညီသစ်များကို အမေရိကန်က ထုတ်ပြန်ကြေညာ
ယူကရိန်းကို အမေရိကန်ကပေးထားသည့် ဘရက်ဒလေတိုက်ခိုက်ရေးယာဉ်ကို ဇူလိုင် ၂၉ ရက်တွင်  ဒိုးနက်ဒေသတွင် တွေ့ရစဉ် (Photo: AFP)
ယူကရိန်းကို အမေရိကန်ကပေးထားသည့် ဘရက်ဒလေတိုက်ခိုက်ရေးယာဉ်ကို ဇူလိုင် ၂၉ ရက်တွင်  ဒိုးနက်ဒေသတွင် တွေ့ရစဉ် (Photo: AFP)
Published 30 July 2024

အမေရိကန်ပြည်ထောင်စုက ယူကရိန်းအတွက် ဒေါ်လာ ၁ ဒသမ ၇ ဘီလျံဝန်းကျင်ရှိသော စစ်ရေးအကူအညီသစ်များကို ဇူလိုင် ၂၉ ရက်တွင် ကြေညာလိုက်ရာ ထိုအကူအညီသစ်များထဲတွင် ယူကရိန်းက အသည်းအသန် လိုအပ်သည်ဟု ပြောကြားထားသော လေကြောင်းကာကွယ်ရေးသုံး ဒုံးကျည်များနှင့် လက်နက်ကြီး ကျည်ဆန်များပါဝင်နေသည်။

ယင်းအကူအညီများထဲတွင် အမေရိ ကန်ဒေါ်လာသန်း ၂၀၀ ရှိ ပစ္စည်းကိရိယာများလည်းပါဝင်နေသည်။ အဆိုပါ ပစ္စည်းကိရိယာများကို လက်ရှိ အမေရိကန်စစ်လက်နက် ပစ္စည်းများထဲမှ ရယူခြင်းဖြစ်သည်ဟုသိရ သည်။ ၎င်းတို့သည် စစ်မြေပြင်ကို အမြန်ဆုံးရောက်ရှိသွားမည်ဟုဆိုသည်။ ထို့အပြင် အော်ဒါအသစ် အမေရိကန်ဒေါ်လာ ၁ ဒသမ ၅ ဘီလျံရှိသော စစ်လက်နက်ပစ္စည်းများသည် ယူကရိန်းကို ရောက်ရန် အချိန်ကြာလိမ့်မည်ဟု အမေရိကန်ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။

ယခုပေးလိုက်သော စစ်ရေးအကူအညီသစ်တွင် ရုရှားတိုက်ခိုက်မှုများကိုကာကွယ်ရေးအတွက် ယူကရိန်းထံ လေကြောင်းကာ ကွယ်ရေးသုံးဒုံးကျည်များ၊ လက်နက်ကြီးကျည်ဆန်များ၊ ဟိုင်းမားအတွက် အသုံးပြုသော ဒုံးကျည်များ၊ တင့်ကားဖျက်လက်နက်မျိုးစုံတို့အပြင် အခြားသောလက်နက်များ လည်းပါဝင်နေသည်ဟု ဆိုသည်။

အကူအညီများအတွက် အမေရိကန်သမ္မတဂျိုးဘိုင်ဒင်၊ အမေရိကန်ကွန်ဂရက်၊ အမေရိကန်ပြည်သူများကို အလွန်ကျေးဇူးတင်သည်ဟု ယူကရိန်းသမ္မတ ဗိုလိုဒီမာဇယ်လန်းစကီးက ဆိုရှယ်မီဒီယာတွင်တင်ခဲ့သော ပို့စ်တွင် ဖော်ပြခဲ့သည်။

“အကူအညီထဲမှာ ယူကရိန်းကာကွယ်ရေးသမားတွေကို အင်အားတောင့်တင်းစေဖို့ အရေးပါတဲ့ အရာတွေသာမက အမေရိကန်ပြည်ထောင်စုကပေးမယ်လို့အရင်တုန်းက ပြောထားခဲ့တဲ့ဟာတွေကို ဝယ်ဖို့ ငွေကြေးလည်းပါဝင်ပါတယ်”ဟု ဇယ်လန်းစကီးက ဖော်ပြထားသည်။

ဇယ်လန်းစကီးသည် ဇူလိုင် ၂၉ ရက်တွင် ခါကိဗ်နယ်စပ်ဒေသရှိ အထူးတပ်ဖွဲ့များထံ သွားရောက်ခဲ့သည်။ ထိုနေရာသည် မေလတွင် ရုရှားတပ်ဖွဲ့များက ရှောင်တခင်မြေပြင် ထိုးစစ်ဆင်ခဲ့သည့်နေရာဖြစ်သည်ဆိုသော် လည်း ရုရှားတပ်ဖွဲ့များသည် ကြီးကြီးမားမားအောင်မြင်မှုမရခဲ့ပေ။

ပေးအပ်နေဆဲ အကူအညီများက လူ့အသက်များကို မိမိတို့ကယ်ဆယ်ခွင့်ရစေပြီးပြည်သူများကို ကာကွယ်ခွင့်ရရှိနေသည်ကို ကိုယ်တိုင်တွေ့ခဲ့ရသည်ဟု ဇယ်လန်းစကီးက ပြောကြားခဲ့သည်။

အမေရိကန်ပြည်ထောင်စုသည် ယူကရိန်းကို အဓိက စစ်ရေးအကူအညီများပေးနေသောနိုင်ငံဖြစ်သည်။ ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီ ၂၄ ရက်တွင် ရုရှားက ယူကရိန်းကို အင်အားအပြည့်သုံး၍ ကျူးကျော်ပြီးကတည်းက အမေရိကန်သည် ယူကရိန်းကိုလက်နက်များ၊ ခဲယမ်းများ၊ အခြားလုံခြုံရေးအကူအညီများပေးခဲ့ရာ ၎င်းတို့၏တန်ဖိုးသည် ကန်ဒေါ်လာ ၅၅ ဘီလျံကျော်ရှိသည်။

အမေရိကန်သည် ယခုနှစ်တွင် ယူကရိန်းအတွက် အကန့်အသတ်ရှိသော အကူအညီသစ်များကိုသာ ပေးသွားမည်ဟု ဧပြီလနှောင်းပိုင်းမတိုင်မီ အမေရိကန်ကကြေညာခဲ့သည်။ အခြားသောပစ္စည်းများကို ဝယ်ယူ ရာတွင် ပင်တဂွန်ကသိမ်းထားသော ငွေများကို အသုံးပြုခြင်းဖြင့် အမေရိကန်ဒေါ်လာသန်း ၃၀၀ ရှိသော အကူအညီများရှိလာနိုင်သည်ဟု ဧပြီလတွင် ၀ါရှင်တန်က ပြောကြားခဲ့သည်။                                

Ref: AFP

Most Read

Most Recent