စာချုပ်ကုန်ဆုံးချိန်တွင် မန်စီးတီးနှင့်လမ်းခွဲမည့်အကြောင်း မပြောဖူးသလို စာချုပ်သက်တမ်းတိုးမလားဟု မေးပါက ငြင်းဆန်မည်မဟုတ်ကြောင်း ဂွါဒီယိုလာ ဖွင့်ဟ

စာချုပ်ကုန်ဆုံးချိန်တွင် မန်စီးတီးနှင့်လမ်းခွဲမည့်အကြောင်း မပြောဖူးသလို စာချုပ်သက်တမ်းတိုးမလားဟု မေးပါက ငြင်းဆန်မည်မဟုတ်ကြောင်း ဂွါဒီယိုလာ ဖွင့်ဟ
Photo: X
Photo: X
Published 28 July 2024

 

မန်စီးတီးအသင်းနည်းပြ ပက်ဂွါဒီယိုလာက စာချုပ်ကုန်ဆုံးချိန်တွင် မန်စီးတီးအသင်းနှင့် လမ်းခွဲမည့်အကြောင်း မပြောဖူးသလို စာချုပ်သက်တမ်းတိုးမလားဟု မေးလာပါက ငြင်းဆန်မည်မဟုတ်ကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်။

ဂွါဒီယိုလာ (၅၃ နှစ်) နှင့် မန်စီးတီးအသင်း၏ စာချုပ်သက်တမ်းမှာ နောက်ဆုံးနှစ်သို့ ရောက်ရှိနေပြီဖြစ်ပြီး ၂၀၂၅ ခုနှစ် နွေရာသီတွင် ကုန်ဆုံးမည်ဖြစ်သည်။ ဂွါဒီယိုလာက ပြီးခဲ့သည့်ရာသီကုန်တွင် ပရီးမီးယားလိဂ် ချန်ပီယံဆု လေးရာသီဆက်တိုက်ရရှိပြီး နောက် ဆက်နေရန်ထက် လမ်းခွဲရန် နီးစပ်လာပြီဖြစ်ကြောင်း ပြောကြားခဲ့သဖြင့် ၎င်း၏ အနာဂတ်မှာ မရေမရာဖြစ်နေသည်။ သို့သော် နယူးယောက်မြို့၌ သတင်းထောက်များနှင့်တွေ့ဆုံစဉ် ဂွါဒီယိုလာက ယခုလိုပြောကြားခဲ့ခြင်းဖြစ်သည်။

"မှန်ကန်တဲ့အချိန်မှာ မမှန်တဲ့စကား ပြောခဲ့တယ်ဆိုတာ ကျွန်တော်သိပါတယ်။ ပရီးမီးယားလိဂ်ဖလားရခဲ့တဲ့အချိန်က မန်စီးတီးမှာရှိနေတာ ရှစ်နှစ်ရှိနေပြီ။ အဲဒါကြောင့် ဒီနေရာမှာ ရှစ်နှစ်ထက်ပိုပြီး ရှိနေမှာမဟုတ်ဘူးလို့ ကျွန်တော်ပြောခဲ့တယ်။ အဲဒါကြောင့် လည်း ဆက်ရှိနေဖို့ထက် ထွက်ခွာဖို့ နီးစပ်နေပြီလို့ ပြောခဲ့တာပါ။ ဒါပေမဲ့ လမ်းခွဲမယ်လို့ ကျွန်တော်မပြောခဲ့ပါဘူး။ ကျွန်တော်ထွက်သွားတော့မယ့်အချိန်ရောက်ရင် သွားတော့မယ်လို့ ပြောမှာပါ။ ဒါပေမဲ့ အဲဒီလိုမပြောခဲ့ပါဘူး။ စာချုပ်သက်တမ်းတိုးမလားဆိုရင် ကျွန်တော် သေချာပေါက် ငြင်းဆန်မှာ မဟုတ်ပါဘူး။ ကျွန်တော်က ကိုယ့်အတွက်တင်မဟုတ်ဘဲ အသင်းအတွက်ပါ မှန်ကန်တဲ့ဆုံးဖြတ်ချက်ဖြစ်ဖို့ သေချာစေချင်တာပါ။ အဲဒီအကြောင်း မစဉ်းစားရသေးဘူးဆိုတာ လမ်းခွဲမယ်လို့ ကျွန်တော်မဆုံးဖြတ်ရသေးလို့ပါ။ ကျွန်တော် ဆုံးဖြတ်ပြီးရင်တော့ အားလုံးပြီးသွားမှာပါ။ ပထမဆုံးအနေနဲ့ ကျွန်တော့်ရဲ့ အားကစားဒါရိုက်တာ၊ ဥက္ကဋ္ဌ၊ အမှုဆောင်ချုပ်တို့နဲ့ စကားပြောပါမယ်။ ကျွန်တော့်အသင်းမပါဘဲနဲ့၊ ကျွန်တော့်ရဲ့ကလပ်မသိဘဲနဲ့ ခြေတစ်လှမ်းတောင် မလှမ်းပါဘူး။ ကျွန်တော် မယုံနိုင်လောက်အောင် ကျေးဇူးတင်ပါတယ်။ အဲဒီလို ဖြစ်လာခဲ့ရင် ကျွန်တော်တို့ စကားပြောမှာပါ။ ဘယ်အချိန်လဲ၊ ဘယ်အချိန်က အကောင်းဆုံးလဲဆိုတာ ကျွန်တော်မသိပါဘူး။ အဲဒီလိုလုပ်တာ ပြီးပြည့်စုံတယ် ဒါမှမဟုတ် တခြားနည်းလမ်းက ပြီးပြည့်စုံတယ်လို့ မရည်ရွယ်ပါဘူး။ ဒါပေမဲ့ လအနည်းငယ်အတွင်းမှာ စာချုပ်သက်တမ်းတိုးမယ်လို့ ကျွန်တော်ပြောတာလည်း ဖြစ်နိုင်တယ်။ အဲဒါကြောင့် ကျွန်တော်မသိသေးပါဘူး" ဟု ၎င်းက ဆိုသည်။

ဂွါဒီယိုလာသည် မန်စီးတီးအသင်းအား ရှစ်နှစ်ကြာကိုင်တွယ်ထားပြီး ပရီးမီးယားလိဂ်ချန်ပီယံ ခြောက်ကြိမ်၊ FA ဖလား နှစ်ကြိမ်၊ လိဂ်ဖလား လေးကြိမ်၊ ကွန်မြူနတီဒိုင်း နှစ်ကြိမ်၊ ချန်ပီယံလိဂ် တစ်ကြိမ်၊ ဥရောပစူပါဖလား တစ်ကြိမ်၊ ကလပ်ကမ္ဘာ့ဖလား တစ် ကြိမ်စီ ဆွတ်ခူးရယူပေးထားသည်။

Most Read

Most Recent