မြန်အောင်မြို့နယ် ပဲတခွဲကျေးရွာအုပ်စုတွင် မသန်စွမ်း ၁၀၀ ကျော်အပါအဝင် လူဦးရေ လေးထောင်ခန့် ရေဘေးသင့်

မြန်အောင်မြို့နယ် ပဲတခွဲကျေးရွာအုပ်စုတွင် မသန်စွမ်း ၁၀၀ ကျော်အပါအဝင် လူဦးရေ လေးထောင်ခန့် ရေဘေးသင့်
Published 22 July 2024

မြန်အောင်မြို့နယ် ပဲတခွဲကျေးရွာအုပ်စုတွင် မသန်စွမ်း ၁၀၀ ကျော်အပါအဝင် လူဦးရေ လေးထောင်ခန့် ရေဘေးသင့်နေကြောင်း သိရသည်။

ဧရာဝတီတိုင်းဒေသကြီး မြန်အောင်မြို့နယ် ပဲတခွဲကျေးရွာအုပ်စုတွင် အိမ်ခြေ ၁၁၈၀၊ အိမ်ထောင်စု ၁၃၃၃၊ လူဦးရေ ၄၁၂၅ ဦးမှာ ရေဘေးသင့်နေခြင်းဖြစ်သည်။

“မသန်စွမ်းတွေအပါအဝင် လူဦးရေ လေးထောင်ကျော်လောက် ရေဘေးသင့်နေတာပါ။ ရေကြီးတာက တစ်ပတ်လောက်ရှိပါပြီ။ ၂၉ နှစ်အတွင်းမှာ အကြီးမားဆုံး ရေကြီးတာပါ” ဟု ပဲတခွဲကျေးရွာအုပ်စုနေသူတစ်ဦးက ပြောကြားသည်။

လွန်ခဲ့သည့် တစ်ပတ်ခန့်က စတင်ရေကြီးလာခဲ့ခြင်းဖြစ်ကြောင်း လက်ရှိတွင် စားသောက်ရေးအခက်အခဲနှင့် သွားလာရေးအခက်အခဲများ ဖြစ်ပေါ်လျက်ရှိကြောင်း သိရသည်။

“ရေတွေမြုပ်တော့ ချက်စားဖို့ အခက်အခဲရှိတယ်။ ပြီးတော့ သောက်ရေအခက်အခဲရှိပါတယ်။ ပြီးတော့ ရေတက်တော့ မြွေအန္တရာယ်လည်း ကြုံတွေ့နေရပါတယ်။ ကျွန်တော်တို့ရွာက သွားလာရတာခက်ခဲတော့ အလှူရှင်တွေ လိုအပ်ပါတယ်” ဟု ပဲတခွဲကျေးရွာအုပ်စုနေသူတစ်ဦးက ပြောကြားသည်။

ရေကြီးရေလျှံမှုမှာ နှစ်ပေါင်း ၂၉ နှစ်အတွင်း အကြီးမားဆုံးကြုံတွေ့ခဲ့ရသဖြင့် ကျေးရွာ၌ စိုက်ပျိုးထားသည့် နှမ်းစိုက်ခင်းနှင့် အခြားစိုက်ခင်းများ ပျက်စီးခဲ့ရကြောင်း သိရသည်။

အဆိုပါကျေးရွာသို့ ဇူလိုင် ၂၁ ရက်က အလှုရှင်များနှင့် ကရုဏာကမ်းလက်လူမှုကူ ညီကယ်ဆယ်ရေးပရဟိတအသင်းမှ ရေဘေးသင့်နေရာသို့ သွားရောက်လှူဒါန်းခဲ့ကြောင်း သိရသည်။

“ဘယ်နေရာကြည့်ကြည့် ရေပတ်လည်ဝိုင်းနေတာပဲ တွေ့ရတယ်။ ရေကလည်းကျဦးမယ့် အခြေအနေမရှိသေးဘူး” ဟု အဆိုပါကျေးရွာသို့ သွားရောက်ခဲ့သူတစ်ဦးက ပြောကြားသည်။

အဆိုပါကျေးရွာများအပြင် ဧရာဝတီတိုင်းဒေသကြီးရှိ အ​​ခြားကျေးရွာများတွင်လည်း ရေဘေးသင့်နေကြောင်း သိရပြီး အကူအညီများလိုအပ်နေသည်ဟု သိရသည်။

Most Read

Most Recent